ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာမှ ပြည်သူပိုင် နေအိမ် ၂၅၀ ကျော် စစ်ကောင်စီတပ်၏ မီးရှို့ဆီးမှုကို ခံခဲ့ရကြောင်း ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့ နိုဝင်ဘာလ ၂ ရက်တွင် ထုတ်ပြန်ထားသည်။
.
ဇီးတောကျေးရွာမှ နေအိမ် ၁၂ လုံးကို အောက်တိုဘာလ ၁၃ ရက်တွင် လည်းကောင်း၊ တောင်ဦးကျေးရွာမှ နေအိမ် ၉ လုံးကို အောက်တိုဘာလ ၁၇ ရက်တွင် လည်းကောင်း၊ အောက်တိုဘာလ ၂၉ ရက်တွင် စိုင်သေရွာမှ နေအိမ် ၄၃ လုံး၊ သံပြာချောင်းရွာမှ နေအိမ် ၇၅ လုံး၊ မြေမလှရွာမှ နေအိမ် ၅၃ လုံး၊ ခံစစ်တောရွာမှ နေအိမ် ၆၃ လုံးကို အောက်တိုဘာလ ၃၀ ရက်တွင် လည်းကောင်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
.
အဆိုပါ မီးဘေးသင့် ပြည်သူများကို ထောက်ပံ့ကူညီနိုင်ရေးအတွက် ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တို့မှ ဦးဆောင်ပြီး ပြည်တွင်း၊ ပြည်ပမှ အလှူရှင်များ၊ ရေစကြိုမြို့နယ်ပြည်သူ့လုံခြုံရေး (ပလဖ)နှင့် ရပ်/ကျေး ပအဖ အဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်နေကြောင်း သိရသည်။
.
စစ်ကောင်စီတပ်သည် စစ်ကြောင်းထိုး ဝင်ရောက်ပြီး ကျေးရွာများ အတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ လုယက် ယူဆောင်ခြင်း၊ အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ်ချက်ပြုတ်စားသောက်ခြင်း၊ အပြစ်မဲ့ပြည်သူများကို လူသားဒိုင်း အဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း အစရှိသည့် စစ်ရာဇဝတ်မှုများကို ကျူးလွန် လုပ်ဆောင်နေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။