တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး ၈ ဦးသေဆုံးကာ ၈၁ ဦး ဒဏ်ရာရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး ၈ ဦးသေဆုံးကာ ၈၁ ဦး ဒဏ်ရာရ

.

တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့ရှိ လူသွားလူလာ များပြားသည့် လမ်းမတစ်ခုပေါ်တွင် ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်၊ ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ ၈ ဦး သေဆုံးကာ ၈၁ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

.

.

Beyoglu ခရိုင်ရှိ တူရကီ၏ အကြီးဆုံးမြို့တော် အစ္စတန်ဘူလ်၏ လမ်းမများတွင် ဈေးဝယ်သူများ၊ ခရီးသွားများနှင့် ပုံမှန်အတိုင်း စည်ကားနေချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်၍ တူရကီရဲတပ်ဖွဲ့က လူ ၂၂ ဦးကို ဖမ်းဆီးထားသည်ဟု သိရသည်။

.

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးသို့ မထွက်ခွာမီတွင် တူရကီသမ္မတ အာဒိုဂန်က ပေါက်ကွဲမှုသည် သစ္စာမဲ့ တိုက်ခိုက်မှုဖြစ်ပြီး ကျူးလွန်သူများကို အပြစ်ပေးသွားမည်ဟု ကတိပေး ပြောဆိုခဲ့သည်။

.

“တိုက်ခိုက်မှု နောက်ကွယ်က တရားခံတွေ ထိုက်သင့်သလောက် အပြစ်ပေးခံရမယ်ဆိုတာ ကျွန်တော်တို့ ပြည်သူတွေ စိတ်ချယုံကြည်လို့ရပါတယ်” ဟု သမ္မတ အာဒိုဂန်က ပြောဆိုခဲ့သည်။

.

ပေါက်ကွဲမှုအတွင်း လူ ၈ ဦး သေဆုံးခဲ့ပြီး ၈၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တူရကီပြည်ထဲရေးဝန်ကြီး ဆူလေမန် ဆွိုင်လူက အတည်ပြု ပြောဆိုထားသည်။

.

ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အွန်လိုင်းပေါ်တွင် ပြန့်နှံ့ လာသော ဗွီဒိယိုဖိုင်တစ်ခုအရ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လမ်းသွားလမ်းလာများ ထွက်ပြေးနေပြီး မီးတောက်များ၊ ပေါက်ကွဲသံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်ကို တွေ့ရသည်။

.

ပေါက်ကွဲမှုတွင် အသက်ဆုံးရှုံးသွားသူများအတွက် ဝမ်းနည်းကြေကွဲကြောင်းကိုလည်း မြို့တော်ဝန် Ekrem Imamoglu က တွစ်တာတွင် ရေးသားထားသည်။

.

တူရကီနိုင်ငံတွင် ၂၀၁၅ မှ ၂၀၁၇ ခုနှစ်အတွင်း လူအသေအပျောက်များသော ဗုံးခွဲတိုက်ခိုက်မှုများကို IS နှင့် PKK အဖွဲ့များမှ လုပ်ဆောင်ခဲ့ဖူးပြီး ယခု ဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်တွင်လည်း PKK အဖွဲ့မှ ဟု ယူဆရသည့် အမျိုးသမီးတစ်ဦး ကို ရုပ်သံမှတ်တမ်းတစ်ခုတွင် တွေ့ရှိခဲ့ရသည်ဟု သတင်းများက ဖော်ပြကြသည်။

.

 

တူရကီတရားရေးဝန်ကြီး Bekir Bozdag က အဆိုပါအမျိုးသမီးသည် လမ်းပေါ်ရှိ ခုံတန်းလျားတစ်ခုတွင် မိနစ် ၄၀ ကျော်ကြာ ထိုင်နေသည်ကို တွေ့ရှိခဲ့ကြောင်း A Haber ရုပ်မြင်သံကြားသို့ ပြောကြားခဲ့သည်။

.

အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ ဂရိ၊ အီဂျစ်၊ ယူကရိန်း၊ ဗြိတိန်၊ အဇာဘိုင်ဂျန်၊ အီတလီနှင့် ပါကစ္စတန်အပါအဝင် နိုင်ငံများက ရှုတ်ချကြောင်း ပြောဆိုထားပြီး ဥရောပသမဂ္ဂကောင်စီ အကြီးအကဲ ချားလ်စ်မီရှဲလ် ကလည်း သေဆုံးသူ များအတွက် ဝမ်းနည်းကြောင်း ၎င်း၏ တွစ်တာတွင် ရေးသားထားသည်။

.

[ Source - AL JAZEERA ]

.

Journal Download

Photo of three cats