မြို့တော်တောင်ကြီး အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်း၌ အခြေခံစားသောက်ကုန် စျေးနှုန်းများ နေ့စဥ်နှင့်အမျှ ဆက်တိုက် မြင့်တက်လာနေသည့်အတွက်ဝင်ငွေ နည်းပါးသည့် အခြေခံလူတန်းစား ပြည်သူများ၏ စားဝတ်နေရေး အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။
.
အခြေခံစားသောက်ကုန် ဖြစ်သည့် ဆန် အပါအဝင် ဆီ၊ ကြက်ဥနှင့် အသီးအရွက်များမှ အစ အားလုံးနီးပါး စျေးနှုန်းများ မြင့်တက်နေသည့်အတွက် ဝင်ငွေနည်းပါးသည့် ပြည်သူများအနေဖြင့် ဆန်ကွဲများကိုပင် ဝယ်ယူစားသောက်နေရကြောင်း သိရ သည်။
.
" အလုပ်အကိုင်က ရှားလာတော့ ဝင်ငွေရမယ့် အလုပ် မှန်သမျှ အကုန် လိုက် လုပ်နေရတာ။ ရတဲ့နေ့စားခကလည်း နည်းတော့ မိသားစု စားသောက်ရေးက အဆင်မပြေတော့ဘူး။ တစ်ခါတလေဆန်ကြမ်းတော င်မဝယ်စားနိုင်တော့လို့ အောက်ကြုံးဆန်ကွဲကို ဝယ်စားရတာ။" ဟု ဝင်ငွေနည်း နေ့စားလုပ်သား တစ်ဦးက ပြောသည်။
.
ဆန်ကြမ်းတစ်အိတ်လျှင် ယခင်က ၃၅၀၀၀ ကျပ်သာ ရှိရာမှ ယခုတွင် ၄၇၀၀၀ ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ယခင်က ၄၀၀၀ ကျပ်ခန့်မှ ယခုတွင် ၇၀၀၀ ကျပ်ခန့်ထိ မြင့်တက်လာပြီး နကြက်သွန်နီ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်၊ ကြက်ဥအသေး ဆယ်လုံးလျှင် ၂၀၀၀ ကျပ် အထိ နေရာဒေသ အပေါ်တွင် မူတည်၍ ပေးဝယ်နေရကြောင်း သိရသည်။
.
" စားဖို့အတွက် မဖြစ်မနေ လိုတာက ဆန်၊ ဆီ၊ ကြက်သွန်၊ ပြီးတော့ ကြက်ဥပေါ့။ နေ့စဉ်နဲ့အမျှကို ဈေးက တက်လာနေတာ။ တစ်နေရာနဲ့ တစ်နေရာတော့ မတူဘူးပေါ့လေ။ တက်တာကတော့ နေရာတိုင်း၊ မြို့တိုင်း၊ ရွာတိုင်းမှာ တက်နေတာပါ။" ဟု ကုန်စုံဆိုင် အရောင်းဝန်ထမ်း တစ်ဦးက ဆိုသည်။
.
COVID-19 ကပ်ရောဂါကြောင့် စားဝတ်နေရေး ကြပ်တည်းနေရသည့် အခြေအနေတွင် စစ်တပ်က အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေး အခြေအနေများအရ အခြေခံစားသောက်ကုန် စျေးနှုန်းများ အဆမတန် မြင့်တက်လာနေရာ ဝင်ငွေနည်း ပြည်သူများ၏ စားဝတ်နေရေးကို ကြီးမားသော ရိုက်ခတ်မှုများ ဖြစ်ပေါ်လာနေသည်။
.
ထို့အတူ တရားဥပဒေစိုးမိုးမှု မရှိတော့ခြင်းကလည်း အခြေခံပြည်သူများကို ထိခိုက်နေပြီး အလုပ်ခေါ်ယူမှု မရှိသလောက် နည်းပါးလာနေသည်ဟု နေ့စားလုပ်သား တစ်ဦးက ရင်ဖွင့်သည်။
.
" မရှိ ခိုးနိုး ဆိုသလိုမျိုးပေါ့။ အလုပ်ရှင်တွေကလည်း မခေါ်ကြတော့ဘူး။ အလုပ် လိုက်ရှာရင်လည်း ခိုးဆိုးနှိုက်လို့ ထင်မှာ ကြောက်ရတယ်။ တကယ် ခိုးနေ၊ လုနေတဲ့သူတွေကတော့ မဖမ်းကြဘူး။ " ဟု နေ့စားလုပ်သား က ရှင်းပြသည်။
.
ထို့အတူ ပရဟိတလုပ်ငန်း လုပ်ကိုင်ခဲ့ဖူးသူ တစ်ဦးကလည်း " စီးပွားရေးက အကုန်လုံးကို ခက်ခဲ ကြပ်တည်း နေကြတာ။ ခုချိန်မှာ ပြေလည်တဲ့ လူဆိုတာ လက်ချိုးရေလို့ ရပါတယ်။ အရင်ကလို တစ်ယောက်နဲ့ တစ်ယောက် ကူနိုင်တဲ့ အနေအထားမျိုးလည်း မရှိ ကြတော့ဘူး။ ငတ်နေတာ တွေ့ရင်တောင် လက်ပိုက်ပြီး ကြည့်နေရမယ့် အခြေအနေမျိုးနဲ့ ကြုံတွေ့နေကြရတာ။" ဟု ပြောသည်။
.
ယင်းကဲ့သို့ ပြည်သူများ ဆင်းရဲမွဲတေမှုဒဏ်ကို ကြုံတွေ့နေသော်လည်း အာဏာသိမ်း စစ်ကောင်စီကမူ ၎င်းတို့၏ အာဏာ တည်မြဲရေးအတွက်သာ ဦးတည် လုပ်ဆောင်နေသည့်အပြင် အာဏာသိမ်း စစ်ခေါင်းဆောင်ကလည်း နိုင်ငံ့စီးပွားရေး တိုးတက်လာနေသယောင် မကြာခဏ ဝါဒဖြန် ပြောဆိုနေလျက်ရှိသည်။