နမ့်စန်တွင် ကျောင်းသားချင်း ရန်ဖြစ်ကာ တစ်ဦး သေဆုံးခဲ့ရသော်လည်း တာဝန်ယူ ဖြေရှင်းပေးမည့်သူ မရှိဘဲ ဖြစ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ့်စန်တွင် ကျောင်းသားချင်း ရန်ဖြစ်ကာ တစ်ဦး သေဆုံးခဲ့ရသော်လည်း တာဝန်ယူ ဖြေရှင်းပေးမည့်သူ မရှိဘဲ ဖြစ်နေ


နမ့်စန်မြို့ရှိ အထကကျောင်း၌ ယခု ရက်ပိုင်းအတွင်း ကျောင်းသားချင်း ရန်ဖြစ်ကာ ကျောင်းသား တစ်ဦး သေဆုံးခဲ့ရသော်လည်း တာဝန်ယူ ဖြေရှင်းပေးမည့်သူ မရှိဘဲ ဖြစ်နေကြောင်း သိရသည်။

.

ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်က ကျောင်းသားချင်း ခိုက်ရန် ဖြစ်ပွားကာ စနစ်သစ် ဆယ်တန်းကျောင်းသား မောင်အောင်မော်ဟိန်း တွင် ဒဏ်ရာမနား ရရှိကာ ဆေးကုသမှု ခံယူနေစဉ် ရရှိသည့် ဒဏ်ရာများကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။

.

" နမ့်စန်ကနေ တောင်ကြီးစဝ်စံထွန်း၊ အဲဒီကနေ နေပြည်တော်ကို ဆက် ပို့ရတာ။ နေပြည်တော်မှာ X Ray အဖြေတောင် မရသေးဘူး ဆုံးသွားတာ။" ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

.



မောင်အောင်မော်ဟိန်း ကို နမ့်စန်မြို့ရှိ မိုးမခ ဆေးခန်းမှ တဆင့် တောင်ကြီးစဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသရာ မသက်သာ၍ နိုဝင်ဘာလ ၃ ရက်တွင် နေပြည်တော် ဆေးရုံသို့ ဆက်လက် ပို့ဆောင်ကုသစဉ် နိုဝင်ဘာလ ၅ ရက်၊ နံနက် ၂ နာရီခဲ့တွင် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

.

အဆိုပါ ပြစ်မှုကျူးလွန်သူ ကျောင်းသားမှာ နမ့်စန်လေတပ်အတွင်း၌ နေထိုင်သူ ကျောင်းသား တစ်ဦး ဖြစ်သည်ဟုသာ သိရသော်လည်း ၎င်းနှင့်ပတ်သက်သည့် အချက်အလက်များကိုမူ မသိရသေးပေ။

.

" ရိုက်လိုက်တဲ့ ကျောင်းသားက လေတပ်ထဲက။ ကျောင်းအုပ်ကြီးနဲ့ ပေါင်းပြီး သတင်းဖုံးဖို့ ကြိုးစားနေပါတယ်ဗျ။ ရိုက်လိုက်တဲ့ ကလေး မိဘရော၊ ကျောင်းအုပ်ကြီးရော ခုထိ ဘာတာဝန်ယူမှု တာဝန်ခံမှုမှ မလုပ်ပေးသေးဘူး။ ကျောင်းအုပ်ကြီးက ပို ဆိုးတယ်၊ ဘာမှ မသိဘူး ဆိုပြီးဘဲ ပြောနေတယ်။" ဟု ဒေသခံ တစ်ဦးက ပြောသည်။

သေဆုံးသူ ကျောင်းသား၏ မိဘများမှာ လက်လုပ်လက်စား ဆင်းရဲသူများ ဖြစ်ကြပြီး ဆေးကုသမှု ကုန်ကျစရိတ်ကိုလည်း ချေးငှားကာ ဆောင်ရွက်ခဲ့ရသည်ဟု သိရသည်။

.

" သူတို့ အာဏာ ပြသမျှ ကြောက်ရတယ်။ ကျွန်‌တော်တို့ သူငယ်ချင်းအတွက်လည်း စိတ်မကောင်းပါဘူး။ အဲတော့ တာဝန်ယူမှု တာဝန်ခံမှု ရှိစေချင်တယ်။ တာဝန်ယူမှု မရှိရင် ဖြစ်လာမယ့် အကျိုးဆက်ကို ခံရမှာပဲလို့ ပြောချင်တယ်။" ဟု ကျောင်းသား တစ်ဦးက ပြောသည်။

Journal Download

Photo of three cats