ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ဖောင်တော်ဦးဘုရား ရွှေသင်္ကန်း ကပ်လှူပူဇော်ခွင့်အား လူတန်းစားခွဲခြား၍ ခွင့်ပြုပေးနေခြင်းကြောင့် ဘုရားဖူး ပြည်သူများကြား ဝေဖန်မှု မြင့်တက်နေလျက်ရှိကြောင်း သိရသည်။
.
" သာမန်ပြည်သူ ဘုရားဖူးတွေကို ရွှေသင်္ကန်း ကပ်ခွင့် မပြုဘူး။ တချို့တွေကြတော့ ရတယ်။ သူတို့ကြ ဘာလို့ ရလဲဆိုပြီး မေးတော့ ကာကွယ်ရေးဦးစီးချုပ်ရုံး (စစ်ကောင်စီနှင့် နီးစပ်သူ) ကလို့ ပြောတယ်။ သေချာကြည့်တော့ VIP လည်း မဟုတ်ဘူး၊ အမျိုးတွေ ဖြစ်မယ်ထင်တယ်။ လူတန်းစား ခွဲခြားတာက အထင်ကရ ဘုရားမှာ မလုပ်သင့်ဘူး။ အတော်ကို ရုပ်ဆိုးတဲ့ အဖြစ်ပဲ။" ဟု ဘုရားဖူး ပြည်သူ တစ်ဦးက ပြောသည်။
.
ရွှေသင်္ကန်း ကပ်လှူခွင့်အား အမှန်တကယ် တားမြစ်သည်ဆိုပါက မည်သူမဆို ကပ်လှူခွင့် မပြုရန် လိုအပ်မည် ဖြစ်ပြီး ဘုရားဖူး ပြည်သူအချင်းချင်း ခွဲခြား၍ ခွင့်ပြုပေးနေခြင်းမှာ မဖြစ်သင့်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
.
ဖောင်တော်ဦးဘုရား ရုပ်ပွားတော်များအား ရွှေသင်္ကန်းအဆမတန် ကပ်လှူခြင်းကြောင့် ဒေသစာရီ ကြွချီရာ၌ အခက်အခဲ ရှိခြင်း၊ ရွှေ ကပ်လှူသည့် အလေ့အထကြောင့် ရွှေမှောင်ခို များပြီး ရွှေအစစ်အမှန် မကပ်နိုင်ခြင်း၊ ရွှေသင်္ကန်းကပ်လှူ သူများသည် လက်လှမ်းမီရာ ကပ်လှူသောကြောင့် ရုပ်ပွားတော်များ၏ ရုပ်ဆင်းသဏ္ဍာန်မှာ ကြည်ညိုဖွယ် မဖြစ်တော့ခြင်း၊ ရွှေသင်္ကန်း ကပ်လှူပူဇော်သူ များသည့် အတွက် ဘုရားရုပ်ပွားတော်အား မဖူး မြော်နိုင်ခြင်း စသည့်အကြောင်းပြချက်ဖြင့် ရွှေသင်္ကန်းကပ်လှူခွင့်ကို ၂၀၁၉ ခုနှစ်က စတင်၍ ပိတ်ပင်ထားခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ ရွှေသင်္ကန်း ကပ်လှူခွင့်အား တားမြစ်ထားသော်လည်း စက်လှေဆိပ်ကဲ့သို့သော နေရာများတွင် ရွှေသင်္ကန်းများ ရောင်းချနေမှုကြောင့် ဘုရားဖူး ပြည်သူများက ရွှေသင်္ကန်း ကပ်လှူခွင့် ရရှိသည့် အထင်ဖြင့် ဝယ်ယူမှုများလည်း ရှိနေကြောင်း သိရသည်။
.
" လှေဆိပ်မှာ လာရောင်းတာ။ ကိုယ်ကလည်း လှူလို့ရတယ် အထင်နဲ့ ဝယ်လိုက်တာပေါ့။ ဘုရားရောက်တော့ ကပ်လို့ မရဘူးတဲ့။ ယူလာရတာပေါ့၊ တခြားဘုရားမှာပဲ ကပ်လိုက်ရတယ်။ " ဟု ပြည်တွင်း ဘုရားဖူး တစ်ဦးက ပြောသည်။
.
အင်းလေးဖော်တော်ဦးဘုရားအား ရွှေသင်္ကန်းကပ်လှူခွင့် ရရှိရေးနှင့် ဖောင်တော်ဦး ရင်ပြင်၌ စျေးသည်များအား စျေးပြန်လည်ရောင်းချနိုင်ရန်အတွက် နေရာအတည်တကျ ပြန်လည် သတ်မှတ်ပေးရန်အတွက် ၂၀၁၉ ခုနှစ်က ဒေသခံပြည်သူများမှ နှစ်ကြိမ်တိုင် ဆန္ဒထုတ်ဖော်၍ တောင်းဆိုမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။