ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဖြစ်သူ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန် သည် နိုဝင်ဘာလ ၂၉ ရက်တွင် နိုင်ငံတော်သစ္စာဖောက်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၂ စွဲချက်ဖြင့် ထောင်ဒဏ်နှစ် ၂၀ ထပ်မံ ချမှတ်ခံခဲ့ရသည်ဟု သိရသည်။
.ဦးထွန်းထွန်းဟိန် သည် လားရှိုးအကျဉ်းထောင်၌ ဖမ်းဆီး အကျဉ်းချခံထားရခြင်း ဖြစ်ကာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်တွင် ပုဒ်မ ၅၀၅ (က)၊(ခ) အမှုများအတွက် ထောင်ဒဏ် ၄ နှစ် ချမှတ်ခံထားရသဖြင့် စုစုပေါင်း ချမှတ်ခံရသည့် ထောင်ဒဏ် ၂၄ နှစ် ရှိပြီ ဖြစ်သည်။
.
စစ်တပ်က အာဏာသိမ်းမှု ပြုလုပ်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် ဖမ်းဆီးခံခဲ့ရပြီးနောက် ဖေဖော်ဝါရီလ ၇ ရက်တွင် ဦးထွန်းထွန်းဟိန် ကို စစ်ကောင်စီက ပြန်လွတ်ပေးခဲ့သော်လည်း ဖေဖော်ဝါရီလ ၁ဝ ရက်တွင် ထပ်မံဖမ်းဆီး၍ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်း ဖြစ်ကြောင်း သိရသည်။
.
ဦးထွန်းထွန်းဟိန်သည် ၁၉၉၀ ခုနှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲများတွင် NLD ပါတီ ကိုယ်စားပြုပြီး ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ် တင်မြှောက်ခံရသူ ဖြစ်ကြောင်း သိရသည်။