.
ကရင်နီ (ကယား) ပြည်နယ်တွင်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူ သေဆုံးမှု
၃၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ယနေ့ နိုဝင်ဘာလ ၁ ရက်တွင် ထုတ်ပြန်ထားသည်။
.
.၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ
၁ ရက်မှ ၂၀၂၂ အောက်တိုဘာလကုန်အထိ ကရင်နီပြည်နယ်တွင် စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်ခံရသည့်
အရပ်သားပြည်သူ ၂၈၂ ဦး ရှိပြီး စစ်ဘေးရှောင်နေစဉ် သေဆုံးသူ ၉၇ ဦး ရှိလာပြီဖြစ်ကာ စစ်ဘေးရှောင်နေစဉ်
သေဆုံးသူ အများစုမှာ လက်နက်ကြီး ထိမှန်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုခံရခြင်း အပါအဝင်
ဆေးဝါး မလုံလောက်ခြင်းနှင့် ဆေးဝါးကောင်းမွန်စွာ ကုသခွင့်မရခြင်းတို့ကြောင့်ဖြစ်ကြောင်း
PKPF ၏ ထုတ်ပြန်ချက် တွင်
ဖော်ပြထားသည်။
.
ထို့အတူ စစ်ကောင်စီတပ်က
မတရားဖမ်းဆီးခံထားရသော ပြည်သူအရေအတွက်မှာလည်း ၂၈၀ ဦးထိရှိကာ လွိုင်ကော်ထောင်မှ
မန္တလေးအကျဥ်းထောင်သို့ လွှဲပြောင်းခံရသူအချို့ ရှိကြောင်းလည်း သိရသည်။
.
ကရင်နီပြည်နယ်တွင်
တိုက်ပွဲပေါင်း ၅၀၀ ကျော် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းမှ ၁၇၃ ကြိမ်ထက် မနည်း
ပစ်ကူတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
.
အဆိုပါ တိုက်ပွဲများအတွင်း
စစ်ကောင်စီတပ်သား ၁၆၁၈ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရာတွင် ကရင်နီတပ်မတော်
(KA)၊
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)နှင့် ပြည်သူ့ကာကွယ်ရေးတပ်များမှ ရဲဘော် ၁၈၃ဦး ကျဆုံးခဲ့သည်ဟု PKPF က ထုတ်ပြန်ထားသည်။
.