ရန်ကုန်မြို့ပေါ် နေရာအနှံ့အပြား၌ အာဏာရှင်ဆန့်ကျင်ရေး စာများ ရေးဆွဲထားသည့် ထမီ၊ ပုဆိုးများ ဝတ်ဆင်ကာ ဆန္ဒပြလှုံ့ဆော်မှုကို ပြုလုပ်ခဲ့သည်ဟု ယနေ့ နိုဝင်ဘာလ ၁၃ ရက်တွင် ရန်ကုန်တော်လှန်ရေးအင်အားစု က ထုတ်ပြန်သည်။
.
အဆိုပါ လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ရေးအင်အားစု (Yangon Revolution Force - YRF) ၏ Soft Strike Community မှ လူငယ်များက ကြိုးပမ်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။
.
နည်းမျိုးစုံဖြင့် ဖိနှိပ်ချုပ်ချယ်ကာ ရက်ရက်စက်စက် အနိုင်ကျင့် အုပ်ချုပ်ရန် ကြိုးပမ်းနေသော အကြမ်းဖက် စစ်တပ်အား အသွေးအသားထဲကပင် မုန်းတီးရွံရှာသောစိတ်များ ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံ မြို့ပြဒေသများရှိ အများ ပြည်သူများတွင် ရှိနေကြသော်လည်း လုံခြုံရေး အခြေအနေများကြောင့် ထုတ်ဖော် ပြောဆို ပြသနိုင်ရန် အခက်အခဲရှိနေကြသည် ဖြစ်ရာ ယင်း ခံစားချက်များ အပါအဝင် တော်လှန် ပြည်သူအချင်းချင်း အားပေးသည့် စာတန်းများအား ထမီ၊ ပုဆိုးများပေါ်တွင် ရေးဆွဲကာ သရုပ်ဖော်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
.
ပြည်သူလူထုနှင့် တစ်သားတည်း ရှိနေပြီး စစ်အာဏာရှင် ပြုတ်ကျသည်အထိ ဆက်လက် တော်လှန် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်းကိုလည်း Yangon Revolution Force - YRF က အသိပေးထားသည်။