အာဏာသိမ်း စစ်ကောင်စီတပ်က ဖယ်ခုံအင်း အရှေ့ခြမ်းရှိ ကျေးရွာများကို ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက်၊ ညပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ကလေးတစ်ဦး အပါအဝင် ပြည်သူ ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
စစ်ကောင်စီတပ် စကခ (၇) မှ ပစ်ခတ်ခဲ့သောလက်နက်ကြီးကျည်များသည် တောင်ပို့ကြီးကျေးရွာ၊ ငါးမူးကျေးရွာ၊ ဆီမီးလော့ကျေးရွာ၊ လယ်ထွန်ကျေးရွာနှင့် ဆောင်ကန်းကျေးရွာတို့တွင် ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
.
ယင်းကဲ့သို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၃၀ ကျော် အရွယ် အမျိုးသား ၁ ဦးနှင့် ၇ နှစ်အရွယ် ကလေးငယ် (ကျား) ၁ ဦးတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
ကယန်းပြည်သစ်ပါတီ ငြိမ်းချမ်းရေးအဖွဲ့က စစ်ကောင်စီနှင့် ညှိနိုင်းကာ အောက်တိုဘာ လကုန်ပိုင်းတွင် စစ်ရှောင်ပြည်သူများ ကျေးရွာများအတွင်း ပြန်လည်နေထိုင်ရန် ပစ်ခတ်မှု မရှိစေရေး အာမခံဖြင့်ပြန်လည်ခေါ်ယူခဲ့ပြီး နှစ်ပတ်အကြာတွင် ယခုကဲ့သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်သည် ဖယ်ခုံ PDF တပ်ရင်း(၂)က ထုတ်ပြန်ထားသည်။
.
လက်ရှိတွင် အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ပြည်သူအချို့ ပြန်လည် စစ်ဘေးရှောင် နေကြရသည်ဟု သိရသည်။