.
တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့်
အဝေရာမီးပုံးပျံကွင်းအတွင်း ဈေးဆိုင်ခန်းတွဲများ ဆောက်လုပ်ပြီး ဖွင့်လှစ်ရောင်းချနေသည့်အတွက်
မီးပုံးပျံကွင်း ပျောက်သွားမည်ကို ဒေသခံပြည်သူများ စိုးရိမ်နေကြောင်း သိရသည်။
.
.အဆိုပါဈေးဆိုင်ခန်းများအား
မီးပုံးပျံကွင်း၏မြောက်ဖက် ပြည်သူ့အားကစားရင်ပြင် အရှေ့ဖက်ခြမ်းတွင် ဆောက်လုပ်ထားခြင်းဖြစ်ပြီး
ဆိုင်ခန်းအရေအတွက် ရာနှင့်ချီ၍ ရှိနေကြောင်း သိရသည်။
.
“မီးပုံးပျံကွင်းထဲမှာ
ဈေးဆိုင်တွေဆောက်ပြီး ရောင်းနေကြတာပါ။ အဝေရာ ယာယီပျံကျဈေး လို့ သိရပါတယ်။ ယာယီပျံကျဈေးဆိုပေမဲ့
ဆိုင်ခန်းတွေက အခိုင်အမာပုံစံမျိုးတွေ လုပ်ထားတာပေါ့။ ကွင်းအရှေ့ဖက်ခြမ်းမှာဆိုလည်း
စစ်တပ်က လိုင်းခန်းတွေဆောက်ပြီး နေကြတာတွေရှိတယ်။ အခုလည်းဈေးက ထပ်တိုးလာတော့ ကြာရင်
ကွင်းပျောက်သွားမှာ စိုးရိမ်ရတယ်” ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောသည်။
.
ယခင်က မီးပုံးပျံအတွင်း
မနက်ခင်း ညနေသိမ်းသည့်ပျံကျဈေးသည်များသာရှိပြီး ဆိုင်ခန်းအခိုင်အမာဖြင့် ရောင်းချသည့်
ဈေးသည်များမရှိဘဲ ယခုဈေးဆိုင်ခန်းတွဲများ ဆောက်လုပ်၍ စျေးသည်များအား ရောင်းချစေခြင်းဖြစ်ကြောင်း
သိရသည်။
.
“ကွင်းထဲမှာ ပျံကျရောင်းနေတဲ့
ဈေးသည်တွေကို ကွင်းဘေးနားကပ်ပြီး ဆိုင်ခန်းတွေနဲ့ ရောင်းခိုင်းတာမျိုးဆိုတော့ ဈေးသည်တွေကို
ဖယ်ခိုင်းပြီး ကွင်းကို တစ်ခုလုပ်မလားဆိုတာမျိုးတော့ စိုးရိမ်ရတာပေါ့” ဟု
အခြားဒေသခံတစ်ဦး ကလည်း ပြောသည်။
.
အဆိုပါဈေးဆိုင်ခန်းတွဲများ
ဖွင့်လှစ်ရောင်းချနေသည်မှာ ရက်ပိုင်းမျှသာ ရှိသေးပြီး ဆိုင်ခန်းအရေအတွက် ထပ်မံတိုးမြင့်
လာနိုင်ခြင်း ရှိ/မရှိ မသိရှိရသေးချေ။
.