.
ရှမ်းပြည်နယ်မြို့တော်၊
တောင်ကြီးမြို့၏ ရိုးရာပွဲတော်တစ်ခုဖြစ်သည့် မြို့လုံးကျွတ်ဘုံကထိန်လှည့်လည်ပွဲ
ယခုနှစ်တွင် ကျင်းပနိုင်ခြင်း မရှိကြောင်း သိရသည်။
.
.နှစ်စဉ်
တန်ဆောင်မုန်းလပြည့်မတိုင်မီ အဖိတ်နေ့တွင်
တောင်ကြီးမြို့လုံးကျွတ်ဘုံကထိန်လှည့်လည်ပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယနေ့
နိုဝင်ဘာလ ၆ ရက်တွင် ကျရောက်သော တန်ဆောင်မုန်းလပြည့် အဖိတ်နေ့တွင်
မြို့လုံးကျွတ်ဘုံကထိန် လှည့်လည်ပွဲ မကျင်းပနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့
မြို့လုံးကျွတ်ဘုံကထိန် လှည့်လည်ပွဲ ပြုလုပ်နိုင်ခြင်းမရှိသည့်အပြင် အခြားသော
အသင်းအဖွဲ့များစုပေါင်း ပြုလုပ်သည့် ကထိန်များလည်း လှည့်လည်ခြင်းမရှိကြောင်း
သိရသည်။
.
“ပုံမှန်အတိုင်းဆိုရင်
ဒီရာသီက ကထိန်တွေ တစ်ခုပြီးတစ်ခု လှည့်တဲ့အချိန်ပေါ့။ အခုကတော့ ဘယ်ကထိန်မှ အရင်လို
စုပေါင်းပြီးလှည့်တာမျိုးတွေ မလုပ်ကြဘူး။ လှူချင်ရင် ကိုယ့်ဘာသာကိုယ်
ဘုန်းကြီးကျောင်းတွေပဲ သွားလှူကြ တော့တယ်” ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောသည်။
.
မြို့လုံးကျွတ်ဘုံကထိန်လှည့်လည်ပွဲသည်
တောင်ကြီးမြို့၏ အထင်ကရပွဲတော်တစ်ခု ဖြစ်သော်လည်း စစ်ကောင်စီ လက်အောက်တွင်
တောင်ကြီးဒေသခံပြည်သူများက ပူးပေါင်းခြင်းမရှိဘဲ မိမိတို့အစီအစဉ်များဖြင့်သာ
ဘုန်းတော်ကြီး ကျောင်းများသို့ သွားရောက်လှူဒါန်းနေကြောင်း သိရသည်။
.
တောင်ကြီးမြို့တွင်
ဝါဒဖြန့်ရန်ပြုလုပ်မည့် တန်ဆောင်တိုင်ပွဲတော်အား ဒေသခံများ ပူးပေါင်းခြင်းမရှိသည့်အတွက်
ပွဲတော်စည်ကား သယောင် ပြုလုပ်ရန်အတွက် စစ်ကောင်စီမှ
ပွဲလာရောက်လည်ပတ်ရန်အခကြေးငွေများပေး၍ ဆွဲဆောင်မှု ပြုလုပ်နေကြောင်းလည်း သိရသည်။
.