.
နိုင်ငံတကာ၏ အားနှင့်
ပြည်တွင်းအားကို လိုက်လျောညီထွေဖြစ်အောင် ချိတ်ဆက်ဆောင်ရွက်ရန် ယာယီသမ္မတ ဒူဝါလရှီးလ
က တိုက်တွန်းပြောဆိုခဲ့သည်ဟု သိရသည်။
.
.အမျိုးသားညီညွတ်ရေးအစိုးရ၏
၇၆ ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးကို ယနေ့ နိုဝင်ဘာလ ၂၉ ရက်၊ နံနက်ပိုင်းက ပြုလုပ်ရာ
အစည်းအဝေးတွင် ယာယီသမ္မတက ယင်းကဲ့သို့ တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။
.
ယာယီသမ္မတ ဒူဝါလရှီးလက
နိုင်ငံတကာ၏ အားနှင့် ပြည်တွင်းအားကို လိုက်လျောညီထွေဖြစ်အောင် ချိတ်ဆက် လုပ်ဆောင်ရေးသည်
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်အားလုံးတွင် တာဝန်ရှိကြောင်း၊ အထူးသဖြင့်
နိုင်ငံခြားရေး ဝန်ကြီးဌာနသည် နိုင်ငံတကာအသိုက်အဝန်း၏ သဘောထား အခြေအနေကို လက်တွေ့ကျကျ
သိမြင်နားလည်ထားပြီး ကတ်ဘိနက် အဖွဲ့ဝင်များနှင့် ချိတ်ဆက်ကာ အချိန်နှင့်တပြေးညီ
ဆောင်ရွက်ကြရန် တိုက်တွန်းပြောဆိုခဲ့သည်။
.
ထို့အပြင် ပြည်တွင်း/ပြည်ပရောက်
မြန်မာနိုင်ငံသားများသည် နွေဦးတော်လှန်ရေး နဂိုမူလထောက်ပံ့ရေး အရင်းအမြစ် များ ဖြစ်ကြောင်း၊
ပြည်သူလူထု ထောက်ခံမှုမရှိသည့် အစိုးရများသည် ရေရှည်ရပ်တည်ရန် ခက်ခဲကြောင်း၊ NUG အနေနဲ့ ပြည်သူလူထုထောက်ခံမှု
မြင့်မားအောင်လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ လူထုထောက်ခံစေချင်ဇောဖြင့် လက်တွေ့နှင့်
ကင်းကွာသည့် မျှော်လင့်ချက်များကို အထိန်းအကွပ်မဲ့ ပြောဆိုလုပ်ဆောင်မှုများကို
တက်နိုင်သမျှ ထိန်းသိမ်းရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးချုပ်
မန်းဝင်းခိုင်သန်းက အမှာစကား ပြောကြားကာ နိုင်ငံခြားရေးဝန်ကြီးဌာနက IACC လုပ်ငန်းအဖွဲ့မှ International Donor
များနှင့် တွေ့ဆုံရန် ပြင်ဆင်ထားမှုများကို
ဆွေးနွေးတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးကာ ယာယီသမ္မတက
နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ကြောင်း သိရသည်။
.
အဆိုပါ အမျိုးသားညီညွတ်ရေးအစိုးရ၏
၇၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ်
မန်းဝင်းခိုင်သန်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း
သိရသည်။
.