စစ်ကောင်စီ၏ စစ်ရာဇဝတ်ကျူးလွန်နေမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို နှုတ်ဆိတ်မနေဘဲ လူသားချင်းစာနာမှုဖြင့် ထိရောက်သော အရေးယူမှုများ၊ ပိတ်ဆို့ဒဏ်ခတ်မှုများ လုပ်ဆောင်ရန် နိုင်ငံတကာ သံတမန်များကို ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ က ယနေ့ နိုဝင်ဘာလ ၁၈ ရက်တွင် တိုက်တွန်းခဲ့သည်။
.
ကရင်နီ (ကယား)ပြည်နယ်တွင် စစ်ကောင်စီသည် လက်နက်ကြီးများဖြင့် အရပ်သားပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများ နေထိုင်သည့်နေရာများသို့ ဦးတည်၍ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုများကို နေ့စဉ်နှင့် အမျှ ပြုလုပ်နေကြောင်း သိရသည်။
.
ယင်းကဲ့သို့ စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ ၁ ရက်မှ ၁၅ ရက်အတွင်း လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့် ဖယ်ခုံမြို့နယ်တို့၌ ပြည်သူပိုင်နေအိမ် ၅၁ လုံး ပျက်စီးခဲ့ပြီး အပြစ်မဲ့ ပြည်သူ ၁ ဦး သေဆုံးကာ ၂၈ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ က ထုတ်ပြန်သည်။
.
အရပ်သားပြည်သူများ၊ စစ်ရှောင်များ နေထိုင်ရာသို့ ပစ်မှတ်ထား၍ စစ်ကောင်စီက လက်နက်ကြီးများဖြင့် တိုက်ခိုက်နေခြင်းသည် လူ့အခွင့်အရေးကို ချိုးဖောက်နေသည့်အပြင် လွန်စွာမှ ရက်စက်ကြမ်းကြုတ်သော စစ်ရာဇဝတ်မှုများကို ကျူးလွန်သည့် လုပ်ရပ်များ ဖြစ်ခြင်းကြောင့် ပြင်းထန်စွာ ရှုတ်ချသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။