အာဏာသိမ်း စစ်ကောင်စီတပ် စကခ(၈) လက်အောက်ခံ ခမရ (၄၀၈) တပ်စခန်း (ကမမောင်း)မှ နိုဝင်ဘာလ ၁ ရက်၊ နေ့လယ်ပိုင်းတွင် ဖလံတောင် တိုက်နယ်ဆေးရုံအား လက်နက်ကြီး (၁၂၀ မမ)ဖြင့် ၅ ချက် ပစ်ခတ်ခဲ့၍ ဆေးရုံအား ယာယီပိတ်ထားရကြောင်း သိရသည်။
.
ယင်းကဲ့သို့ စစ်ကောင်စီတပ်မှ ဖလံတောင်ဆေးရုံအား ပစ်မှတ်ထားကာ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဆေးရုံ ထိခိုက်ပျက်စီးမှု တစ်စုံတရာ မရှိခဲ့သော်လည်း ဆေးရုံဝန်ထမ်းများနှင့် ကုသမှု ခံယူနေဆဲ လူနာများ၊ ဆေးရုံ အနီးရှိ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရပြီး လုံခြုံရေးအရ ယာယီ ပိတ်ထားခဲ့ရသည်ဟု သိရသည်။
.
" ဆေးရုံကို ပစ်မှတ်ထားပြီး လက်နက်ကြီး ပစ်ခတ်မှုကို လုံးဝ ကန့်ကွက်ရှုံ့ချတယ်၊ ဒါ မလုပ်သင့်တဲ့လုပ်ရပ်ပါ။ တစ်ချို့ရွာသားတွေဆို လက်နက်ကြီးကျတော့ စစ်ကောင်စီစစ်ကြောင်း ထိုးမှာကို စိုးရိမ်ပြီး တိမ်းရှောင် ထွက်ပြေးကြတာ ရှိတယ်။ ပြီးတော့ အခုချိန်က ဒေသခံပြည်သူတွေ ရာဘာခြစ်တဲ့ အချိန်၊ စပါးရိတ်သိမ်းတဲ့ အချိန်လည်း ဖြစ်တော့ ပြည်သူတွေပဲ ထိခိုက်နစ်နာတယ် ဒုက္ခရောက်ကြတယ်။"ဟု ဖားအံမြို့နယ်၊ KNLA တပ်ရင်း (၁) တပ်ရင်းမှူး က ပြောသည်။
.
ဖလံတောင်ဆေးရုံသည် ဖားအံမြို့နယ်အတွင်း၌ တည်ရှိသော (၁၆) ကုတင်ဆံ့ တိုက်နယ်ဆေးရုံ ဖြစ်ကာ စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း စေတနာရှင်လူမှုဝန်ထမ်းများ စုပေါင်းကာ ကျန်းမာရေး ဝန်ဆောင်မှု ပေးနေသော ဆေးရုံဖြစ်ပြီး ဒေသခံများ သာမက ရပ်ဝေးမှလူနာများလည်း လာရောက်ကာ ဆေးဝါး ကုသမှုခံယူခြင်းများ ပြုလုပ်ကြောင်း သိရသည်။
.
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်ကလည်း အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ BGF တပ်များက ဖလံတောင်တိုက်နယ်ဆေးရုံအတွင်းသို့ ဝင်ရောက်ကာ ဆေးဝါးများနှင့် အခြားပစ္စည်းများအား ဖျက်ဆီးခြင်း၊ ယူဆောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။