စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပင့်သာတိုက်နယ်တွင်းရှိ ကျေးရွာ ၄ ရွာမှ ဒေသခံပြည်သူများ၏ နေအိမ် ၁၂၈ လုံးကို စစ်ကောင်စီက ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
.
ရှမ်းကုန်၊ အင်းမ၊ ပင့်သာနှင့် ဆားတွင်းကြီးကျေးရွာတို့မှ ပြည်သူပိုင် နေအိမ်များကို နိုဝင်ဘာလ ၁၀ ရက်၊ ၁၂ ရက်၊ ၁၃ ရက်တွင် စစ်ကောင်စီတပ်များနှင့် ၎င်းတို့ လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီး တပ်ဖွဲ့များက လက်နက်ကြီးများ ပစ်ခတ်ကာ ဝင်ရောက် စီးနင်းပြီးနောက် မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် က ဆိုသည်။
.
စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အင်းမရွာမှ နေအိမ် ၈၅ လုံး၊ ပင့်သာရွာမှ ၃၅ လုံး၊ ရှမ်းကုန်းရွာ ၅ လုံးနှင့် ဆားတွင်းကြီးရွာမှ ၃ လုံး ပျက်စီးဆုံးရှုံးခဲ့ကာ ရှမ်းကုန်းရွာ၌ စပါးကျီ ၁ လုံး မီးလောင်ပျက်စီးခဲ့ရခြင်း ဖြစ်သည်။
.
ယင်းကဲ့သို့ မီးရှို့ဖျက်ဆီးခံရမှုကြောင့် လူနေအိမ်များအပြင် ပြည်သူများ စုဆောင်းထားသည့် ဆန်၊ ဆီ၊ စပါး၊ ပဲနှင့် သီးနှံများ၊ အိမ်မွေးနှင့် လယ်ယာလုပ်ငန်းသုံး တိရစ္ဆာန်များနှင့် ကိရိယာများလည်း သေကျေ၊ ပျက်စီးမှုများ ရှိခဲ့ရာ လယ်ယာလုပ်ငန်းခွင်များ ဆက်မလုပ်နိုင်တော့သည့် အခြေအနေနှင့်လည်း ရင်ဆိုင်နေရကြောင်း သိရသည်။
.
ပင့်သာရွာသည် သြဂုတ်လ ၁၇ ရက်ကလည်း စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူပိုင်နေအိမ် ၂၈ လုံး မီးလောင်ပြကျခဲ့ရဖူးပြီး ယခု မီးရှို့ခံရမှုမှာ ဒုတိယအကြိမ် ဖြစ်ကြောင်း သိရသည်။
.
လက်ရှိတွင် အဆိုပါကျေးရွာမှ တိမ်းရှောင်နေကြရသည့် ဒေသခံများမှာ လုံခြုံသည့် တောတွင်းနေရာများ၌ လေးတိုင်စင်တဲများ ထိုး၍ နေထိုင်ရကာ ဆောင်းဝင်လာပြီဖြစ်သဖြင့် အမိုးအကာနှင့် ဆေးဝါး၊ ရိက္ခာများ အရေးပေါ် လိုအပ်လျက် ရှိကြောင်း သိရသည်။