ကျိုက်ထိုမြို့နယ်၌ စစ်ကောင်စီက အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုက်ထိုမြို့နယ်၌ စစ်ကောင်စီက အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်


အာဏာသိမ်း စစ်ကောင်စီတပ်များသည် ကျိုက်ထိုမြို့နယ်၌ အောက်တိုဘာလအတွင်း ဒေသခံ အရပ်သားပြည်သူ ၃ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့သည်ဟု KNU က ယနေ့ နိုဝင်ဘာလ ၉ ရက်တွင် ထုတ်ပြန်သည်။

.

ကျိုက်ထိုမြို့နယ်၊ ပျဥ်းကတိုးကုန်းကျေးနယ်၌ အောက်တိုဘာလ ၁၄ ရက်တွင် အထက်အဂ်ဘိုရွာသား အသက် ၃၃ နှစ်အရွယ် ကိုအောင်မြင့်စိန်ကို လည်းကောင်း၊ ပိန္နဲကုန်းရွာ၌ အောက်တိုဘာလ ၁၉ ရက်တွင် အထက်အဂ်ဘို ရွာသား အသက် ၃၀ အရွယ် ကိုဇော်ထက် ကို လည်းကောင်း၊ ပျဥ်းကတိုးကုန်းကျေးနယ်၌ အောက်တိုဘာလ ၂၁ ရက်တွင် ရွှေခဲရိုးရွာသား အသက် ၆၆ နှစ် အရွယ် ဦးမှုံကြီး ကို အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်များက ဖမ်းဆီး ခေါ်ဆောင်ကာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.



သတ်ဖြတ်ခံရသူ ပြည်သူများအနက် ကိုဇော်ထက်သည် ပိန္နဲကုန်းကျေးရွာတွင် စျေးသွားရောင်းခဲ့ရာမှ စစ်ကောင်စီ စစ်ကြောင်းနှင့်တွေ့ ကာ ဖမ်းဆီး ခေါ်ဆောင် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။

.

" စစ်တပ်က ရွာထဲ ဝင်ပြီးရင် လမ်းမှာတွေ့တဲ့ လူတွေကို ဖမ်းတာ၊ ရွာသားတချို့ကတော့ ပြေးကြတယ်၊ မပြေးဘဲ ကျန်နေတဲ့ သူတွေလည်း ရှိတယ် ဖမ်းသွားပြီး သေလား ရှင်လား မသိရဘူး၊ စစ်ကြောင်းပြန်ဆင်းလို့ အလောင်းတွေ့မှ သေမှန်းသိရတာ" ဟု အမည်မဖော်လိုသူ ဒေသခံရွာသားတစ်ဦး က ပြောသည်။

.



အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံတပ်များဖြစ်သော ခလရ(၄၈)၊ ခလရ(၅၉၉)၊ ခမရ(၅၅၉)၊ခလရ(၄၁)၊ တပ်မ(၄၄)၊ တပ်မ(၇၇)၊ ခမရ(၂)၊ခမရ(၂၀၇)၊ ခလရ(၉၆) စသည့် တပ်များသည် အင်အား ၃၀၀ ခန့်ဖြင့် အောက်တိုဘာလ ၁၃ ရက်တွင် ကေအဲန်ယူ ကျိုက်ထိုမြို့နယ် အုပ်ချုပ်နယ်မြေအတွင်းသို့ စစ်ကြောင်း ၂ ကြောင်းခွဲ၍ ကျူးကျော်ဝင်ရောက်လာခြင်း ဖြစ်သည်ဟု KNU က ဆိုသည်။

.

အာဏာသိမ်း စစ်ကောင်စီတပ်များသည် ပြည်သူပိုင်ငွေကြေးနှင့် ပစ္စည်းများ ခိုးယူခြင်း၊ လူနေအိမ်များကို မီးရှို့ခြင်း၊ ပေါ်တာဆွဲခြင်း၊ ရွာသားများအား မတရား ဖမ်းဆီး သတ်ဖြတ်ခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရာဇဝတ်မှုများကို ဆက်တိုက် ကျူးလွန်လျက်ရှိကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Journal Download

Photo of three cats