တောင်ကြီးမြို့တွင် လျှပ်စစ်မီး ရရှိသည့်အချိန် နည်းပါးသည့်အတွက် လျှပ်စစ်မီးဖြင့် လုပ်ကိုင်ရသော အသေးစားလုပ်ငန်းများ အခက်အခဲ ဖြစ်ပေါ်နေရကြောင်း သိရသည်။
.
အလူမီနီယံလုပ်ငန်း၊ မုန့်ဖုတ်လုပ်ငန်း၊ ကွန်ပျူတာစာစီ စာရိုက်နှင့် မိတ္တူလုပ်ငန်း၊ စတီးလ်သံပန်းလုပ်ငန်း အစရှိသည့် လျှပ်စစ်မီးဖြင့် အဓိက လုပ်ကိုင်ရသော အသေးစားလုပ်ငန်းများမှာ မီးလာချိန်နှင့် မီးပျက်ချိန် မမှန်သည့်အတွက် အခက်အခဲများ ကြုံတွေ့နေရခြင်း ဖြစ်သည်ဟု သိရသည်။
.
" ကျွန်တော်တို့ အလုပ်တွေဆို ကုန်ကြမ်းစျေး တက်ကုန်လို့ လုပ်ငန်း လည်ပတ်ဖို့တောင် မနည်းရုန်းနေရတာ။ အခု မီးလာချိန်က နည်းလာလို့ မီးစက်နှိုးပြီးလုပ်နေရတော့ အမြတ်ရဖို့ထက် အရှုံးက များနေတယ်။ ထိန်းပြီး လုပ်နေရတယ်။ ရေရှည် ရပ်တည်ဖို့ ခက်လာတာပေါ့။" ဟု မုန့်ဖုတ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦး က ပြောသည်။
.
ယင်းကဲ့သို့ လျှပ်စစ်မီး ရရှိသည့်အချိန် နည်းပါးသည့်အတွက် အသေးစားလုပ်ငန်းများ အခက်အခဲဖြစ်ပေါ်နေသည့်အပြ င်တိုက်ခန်းတွဲများဖြင့် နေထိုင်သူများလည်း ရေတင်ရန်အချိန် မလုံလောက်သည့်အတွက် သောက်သုံးရေ အခက်အခဲ ဖြစ်ပေါ်ကာ ရေဝ ယ်ယူ အသုံးပြုနေရကြောင်း သိရသည်။
.
" တိုက်ခန်းတွဲ ဆိုတော့ နေတဲ့ မိသားစုတွေ များတယ်။ ရေတွင်း ၂ ခု ရှိပေမယ့် ရေတင်ဖို့ အချိန်က မလောက်တော့ သုံးရေ အခက်အခဲ ဖြစ်ကုန်တာ။လျှပ်စစ်မီးက အချိန်နဲ့ ပေးတယ်လို့သာ ပြောတာပါ။ပျက်ချင်သလို ပျက်နေတာပါပဲ။" ဟု အထပ်မြင့်တိုက်ခန်းတွင် နေထိုင်သူ တစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့ပေါ်တွင် လျှပ်စစ်မီးလာသည့် အချိန် နည်းပါးသည့် အပြင် မီးရရှိချိန် မမှန်သည့်အတွက် ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်မှု အန္တရာယ် ဖြစ်မည်ကို စိုးရိမ်နေရကြောင်းနှင့် မီးလောင်ကျွမ်းမှု ဖြစ်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း သိရသည်။