.
တောင်ကြီးမြို့ပေါ်ရှိ
တစ်ပတ်ရစ်မော်တော်ဆိုင်ကယ် အရောင်းအဝယ်ပြုလုပ်နေသည့် ဈေးကွက်အတွင်း ခိုးယူခံထား ရသော
ဆိုင်ကယ်များ လာရောက်ရောင်းချမှုများ ရှိနေသည့်အတွက် သတိပြု၍ အရောင်းအဝယ်
ပြုလုပ်နေရကြောင်း သိရသည်။
.
.တောင်ကြီးမြို့နယ်အတွင်းရှိ
မော်တော်ဆိုင်ကယ် အသုံးပြုသူများအနေဖြင့် ကုမ္ပဏီနှင့် အရောင်းပြခန်းများမှ အသစ်ဝယ်ယူအသုံးပြုခြင်းထက်
တစ်ပတ်ရစ်ဆိုင်ကယ်များကိုသာ ဝယ်ယူအသုံးပြုမှု များသည့်အတွက် ဈေးကွက်အတွင်း တစ်ပတ်ရစ်ဆိုင်ကယ်
အရောင်းအဝယ်အချို့ ရှိသော်လည်း ခိုးယူထားသည့် ဆိုင်ကယ်များ ပါလာမည်ကို စိုးရိမ်နေရကြောင်း
တစ်ပတ်ရစ်ဆိုင်ကယ် အရောင်းအဝယ်ပြုလုပ်သူများက ပြောဆိုကြသည်။
.
“အခုနောက်ပိုင်းအရောင်း
အဝယ်လုပ်တဲ့အချိန်ဆို တော်တော်သတိထားရပါတယ်။ အဓိက ကတော့ ခိုးဘီးတွေ လာရောင်းတတ်တာမျိုးပေါ့။
တတ်နိုင်သလောက် သတိထားပြီးလုပ်နေတဲ့ကြားကတောင် ခိုးဘီးမိတာနဲ့ ကြုံတတ်သေး တယ်။ ပြသနာဖြစ်လာရင်
အကုန်လုံး အရှုံးတွေချည်းပဲ” ဟု တစ်ပတ်ရစ်ဆိုင်ကယ်ဝယ်ရောင်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့ပေါ်ရှိ
နေရာအများအပြားတွင် မော်တော်ဆိုင်ကယ် ခိုးယူခံရမှုများ နေ့စဉ် ဖြစ်ပွားနေပြီး ခိုးယူခံရသည့်
ဆိုင်ကယ်များအား ပုံစံပြောင်း၍ မြို့ပေါ်ဈေးကွက်များအတွင်း ပြန်လည်ရောင်းချခြင်းများ
ရှိသလို အခြားဒေသများသို့ ပို့ဆောင်၍ လက်စဖျောက် ရောင်းချမှုများလည်း ရှိနေကြောင်း
သိရသည်။
.
“ဆိုင်ကယ်ကအခိုးခံရပြီဆို
ပြန်မရသလောက်ပါပဲ။ ခိုးတဲ့လူတွေက အုပ်စုဖွဲ့ လက်ထောက်ချပြီး ခိုးတာမျိုးပေါ့။ ပုံစံပြောင်းပေးတဲ့အဖွဲ့ကလည်း
သပ်သပ်ရှိတယ်လို့ ကြားနေရတယ်။ သတိပြုတာ အကောင်းဆုံးပါပဲ” ဟု ဒေသခံ တစ်ဦးကလည်း
ပြောဆိုခဲ့သည်။
.
တောင်ကြီးမြို့ပေါ်ရှိ
တစ်ပတ်ရစ်ဆိုင်ကယ် အရောင်းအဝယ်ဈေးကွက်အပြင် အေးသာယာ၊ ရွှေညောင် စသည့် ဒေသတွင်း
မြို့ရွာများတွင်လည်း ခိုးယူခံထားရသည့်ဆိုင်ကယ်များ လာရောက်ရောင်းချမှုများ ရှိနေသည့်အတွက်
ဝယ်ရောင်း လုပ်ကိုင်သူများအနေဖြင့် သတိပြု၍ လုပ်ကိုင်နေရကြောင်းသိရသည်။
.