AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ရာ စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ရာ စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံး

ရက္ခိုင့်တပ်တော် (AA) နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ နိုဝင်ဘာလ ၁၈ ရက်က တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း AA က ယနေ့ နိုဝင်ဘာလ ၁၉ ရက်တွင်ထုတ်ပြန်သည်။

.

စစ်ကောင်စီ၏ တပ်မ(၇၇)သည် မောင်တောမြို့မြောက်ပိုင်း၊ ဝက်ကျိန်းအပြင်ရွာ မြောက်ဖက် မီတာ(၈၀၀)အကွာရှိ AA တပ်ဖွဲ့ရှိရာ နေရာအား နိုဝင်ဘာလ ၁၈ ရက်က ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း သိရသည်။

.



တိုက်ပွဲအတွင်း စစ်ကောင်စီ၏ တပ်မ (၇၇) လက်အောက်ခံ၊ ခမရ (၁၀၅) တပ်ရင်းသည် ကစဥ့်ကလျား ထွက်ပြေးခဲ့ရပြီး ယင်းတပ်ရင်းထံမှ စစ်အသုံးအဆောင် ပစ္စည်းများနှင့် ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့သည့်အပြင် စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံး၍ ဒဏ်ရာရရှိသူ ၁၅ ဦးအထက် ရှိခဲ့ကြောင်းနှင့် AA တပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

.

စစ်ကောင်စီတပ်သည် တိုက်ပွဲအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အတွဲလိုက်ဒုံးများကိုပါ အသုံးပြုခဲ့ကြောင်း သိရသည်။

.

ပလက်ဝဒေသ၌လည်း စစ်ကောင်စီသည် လက်နက်ကြီးများ၊ ဂျက်တိုက်လေယာဉ်များဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နေ့စဥ်နီးပါးလာ ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကာ စစ်သုံးဒရုန်းများဖြင့်လည်း ဗုံးကြဲ တိုက်ခိုက်ခြင်းများ လုပ်ခဲ့ကြောင်း သိရသည်။

.

ထို့အပြင် စစ်ကောင်စီသည် ရက္ခိုင်၊ ပလက်ဝဒေသများသို့ စစ်လက်နက်ခဲယမ်းများ အင်အားဖြည့်တင်းနေပြီး စစ်ရေးပြင်ဆင်မှုများ ဆက်တိုက် တိုးမြှင့်ပြုလုပ်နေသောကြောင့် တိုက်ပွဲများ ပိုမို ပြင်းထန်လာနိုင်သည်ဟု ဆိုသည်။

.

စစ်ကောင်စီသည် ပြည်သူများအား ဦးတည်ပစ်မှတ်ထားပြီး ရပ်ရွာများသို့ လက်နက်ကြီးများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်များ ပြုလုပ်နေသောကြောင့် ပြည်သူများအနေဖြင့် လက်နက်ကြီး ပစ်ခတ်သံများ၊ တိုက်ပွဲဖြစ်ပွားသံများ ကြားပါက ဗုံးခိုကျင်းများနှင့် လက်နက်ကြီးလွတ်ရာ နေရာများ၌ နေထိုင်ကြရန် AA က တိုက်တွန်းထားသည်။

Journal Download

Photo of three cats