.
မြန်မာ အာဏာသိမ်း စစ်ကောင်စီတပ်သည်
သတင်းအမှားများဖြင့် ဝါဒဖြန့်ချိနေပြီး နိုင်ငံပိုင် သတင်းမီဒီယာများ၊ သတင်းစာနှင့်
လူမှုကွန်ရက်များမှတစ်ဆင့် အကြမ်းဖက်မှုများ၊ အမုန်းတရားများ ပေါ်ပေါက်လာအောင် လုပ်ဆောင်
နေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂကော်မတီ အစည်းအဝေးတွင် ပြောကြားခဲ့သည်ဟု
သိရသည်။
.
.အောက်တိုဘာလ ၁၄ ရက်က
ပြုလုပ်သည့် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီ တွင် လွတ်လပ်စွာ
ထင်မြင်ချက်ပေးခွင့်နှင့် ထုတ်ဖော်ပြောကြားခွင့်ဆိုင်ရာ
အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန် အလှန် ဆွေးနွေးမှုအစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ
မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
.
စစ်ကောင်စီသည် လွတ်လပ်သော
သတင်းမီဒီယာများကို ဖမ်းဆီးပြီး သတင်းအချက်အလက် ရယူခွင့်၊ ထုတ်ဖော် ပြောဆိုခွင့်များကိုလည်း
ကန့်သတ်လျက်ရှိရာ အာဏာသိမ်းပြီးနောက်ပိုင်း သတင်းဌာန ၁၂ ခုကို ပိတ်သိမ်းခဲ့ပြီး သတင်းထောက်
၁၄၂ ဦးထက်မနည်းကို ဖမ်းဆီးခဲ့ရာတွင် နိုင်ငံခြားသတင်းထောက်များလည်း ပါဝင်ခဲ့ကြောင်း
ဦးကျော်မိုးထွန်းက ပြောဆိုသည်။
.
ယင်းကဲ့သို့ သတင်းသမားများကို
ဖမ်းဆီးခြင်းသည် အမှန်တရားကို ဆိတ်သုဉ်းစေရန် ရည်ရွယ်ခြင်းဖြစ်ပြီး သတင်း စီးဆင်းမှု
နှောင့်နှေးစေရန် ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီက နေရာဒေသ အတော်များများတွင်လည်း အင်တာနက်
လိုင်းများကို ပိတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
.
ထို့အပြင် သံအမတ်ကြီး
ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသကဲ့သို့ စစ်တပ်မှသတင်းအမှားများ
ဖြန့်ဖြူးနေသည့် လုပ်ဆောင်ချက်များကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အထိရောက်ဆုံး ဖြေရှင်းနိုင်မည့်
နည်းလမ်းကို အထူးအစီရင်ခံစာ တင်သွင်းသူအား မေးမြန်းခဲ့ကြောင်း သိရသည်။
.