.
အရပ်ဘက်ပစ်မှတ်များကို
ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်ကို ကုလသမဂ္ဂနှင့် နိုင်ငံတကာက ထိရောက်စွာ
အရေးယူနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့ အောက်တိုဘာလ ၂၄ ရက်တွင် ထုတ်ပြန် ကြေညာ
တောင်းဆိုခဲ့သည်ဟု သိရသည်။
.
.(၆၂) နှစ်မြောက်ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်
(KIO) နေ့အထိမ်းအမှတ်ပွဲအကြို
တေးဂီတဖျော်ဖြေပွဲနှင့် ယင်းမာပင် မြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းများ ကဲ့သို့သော
နေရာများတွင် အရပ်ဘက်ပစ်မှတ်များကို ရည်ရွယ် ချက်ရှိရှိ တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်ကို
အရေးယူပေးရန် NUG က တိုက်တွန်းတောင်းဆိုထားခြင်း ဖြစ်ကြောင်း
သိရသည်။
.
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)
တပ်မ ဟာ(၉) အနန့်ပါ (A Nang
Pa) တွင် ယမန်နေ့ အောက်တိုဘာလ ၂၃ ရက်၊
ညပိုင်းက (၆၂) နှစ်မြောက် KIO နေ့ အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲ ပြုလုပ်နေစဉ် စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့်
တိုက်ခိုက်မှုကြောင့် အနုပညာရှင်များ အပါအဝင် ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ခြင်းဖြစ်သည်။
.
အလားတူ ပြီးခဲ့သည့်
စက်တင်ဘာလ ၁၆ ရက်၊ နေ့လယ်ပိုင်းက ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာတွင် ကလေးငယ်များ
စာသင်ကြားနေသည့် စာသင်ကျောင်းကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ခဲ့သည့် အတွက်
ကလေးငယ် ၇ ဦး အပါအဝင် စုစုပေါင်း ၁၄ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
.
ယင်းကဲ့သို့ အရပ်ဘက်ပစ်မှတ်များကို
ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေသည့် လေကြောင်းတိုက်ခိုက်မှုများ၊ လူအစုလိုက် အပြုံလိုက်
သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများကို
နေ့စဉ် ရက်ဆက် ကျူးလွန်နေသည့် စစ်ကောင်စီတပ်၏ လုပ်ရပ်များကို အမြန်ဆုံး ရန်တံ့နိုင်ရေးအတွက်
ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝန်းက ထိရောက်သည့် အရေးယူမှုများ အမြန်ဆုံး
ဆောင်ရွက်နိုင်ရန် လူထု လူတန်းစားအဖွဲ့အစည်းအသီးသီးအနေဖြင့် နည်းလမ်းပေါင်းစုံသုံးပြီး
တောင်းဆိုလှုံ့ဆော်ပေးကြရန် NUG က တိုက်တွန်းထားသည်။
.
ထို့အပြင် စစ်ရာဇဝတ်မှု၊
လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအတွင်း ကျဆုံးခဲ့ရသည့် တိုင်းရင်းသားပြည်များ
အတွက် များစွာဝမ်းနည်းကြေကွဲပြီး
ကျဆုံးခဲ့ရသည့် ပြည်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက် တရားမျှတမှု ပြန်လည်ရရှိရေး
ပြည်တွင်းနှင့် နိုင်ငံတကာ တရားဥပဒေများနှင့်အညီ အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားမည်
ဖြစ်ကြောင်း NUG ၏ ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
.
စစ်ကောင်စီတပ်သည် အာဏာသိမ်းပြီးနောက်ပိုင်း
တိုင်းရင်းသားနယ်မြေများ အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြည်သူကို ပြည်မှတ်ထားပြီး
လေကြောင်းမှတိုက်ခိုက်မှု အကြိမ်ပေါင်း ၂၄၀ ခန့် ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ၂၀၀
ကျော် သေဆုံးခဲ့ရကာ ပြည်သူ့နေအိမ်များ၊ ဘာသာရေးအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရကြောင်း
သိရသည်။
.