လူထုနှင့် ကင်းကွာနေသည့် နိုင်ငံရေးခေါင်းဆောင်များအဖြစ် NUG အစိုးရအဖွဲ့ဝင်များကို မမြင်လိုကြောင်း ယာယီ သမ္မတ ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လူထုနှင့် ကင်းကွာနေသည့် နိုင်ငံရေးခေါင်းဆောင်များအဖြစ် NUG အစိုးရအဖွဲ့ဝင်များကို မမြင်လိုကြောင်း ယာယီ သမ္မတ ပြော

.

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များကို လူထုနှင့် ကင်းကွာနေသည့် နိုင်ငံရေးခေါင်းဆောင်များအဖြစ် မမြင်လို ကြောင်း၊ လူထုနှင့် တစ်သားတည်း ရပ်တည်ကြရန်လိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါ လရှီးလ က ပြောဆိုခဲ့သည်ဟု သိရသည်။

.


.

အမျိုးသားညီညွတ်ရေးအစိုးရ၏ အကြိမ် ၇၀ မြောက် အစိုးရအဖွဲ့ အစည်းအဝေးကို ယနေ့ အောက်တိုဘာလ ၄ ရက်၊ နံနက်ပိုင်းက ပြုလုပ်ရာ အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ယာယီသမ္မတက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

.

ယာယီသမ္မတ ဒူဝါလရှီးလက ခုခံတော်လှန်စစ်ကို မြေပြင်တွင် လက်တွေ့ဆင်နွှဲနေသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ များ၊ ပကဖများကို နိုင်နိုင်နင်းနင်း ထိတွေ့ဆက်ဆံရန် လိုအပ်ကြောင်း၊ လိုအပ်သည့် အထောက်အပံ့များကိုလည်း အချိန်အခါမလင့်စေဘဲ တတ်နိုင်သမျှ ကြိုးစားစီမံ ထောက်ပံ့ပေးကြရန် တိုက်တွန်းလိုကြောင်း၊ မြေပြင် PDF အချင်းချင်း နားလည်မှု မကွဲလွဲစေရန် နိုင်ငံရေးအရ Timming တိုက်ထားရန် ဝန်ကြီးများအားလုံး ဝိုင်းဝန်းကြိုးပန်း ကြရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

.

ထို့အပြင် နွေဦးတော်လှန်ရေးလှုပ်ရှားမှုအတွင်း နိုင်ငံရေးပဋိဉာဉ်တစ်ခု ကျစ်ကျစ်လစ်လစ် ထွက်ပေါ်လာရေးကို အာရုံ စိုက်ကြရန်လိုကြောင်း၊ အုပ်စုအကျိုးစီးပွားထက် လူထုအကျိုးစီးပွားအပေါ် အခြေခံသော နိုင်ငံရေးပဋိဉာဉ်နှင့် နိုင်ငံရေး မူဝါဒများ ဖြစ်ရန်လိုကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

.

စစ်ကောင်စီကို အဘက်ဘက်မှ အကြပ်အတည်းဆိုက်အောင် ဝိုင်းဝန်းပိတ်ဆို့လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၊စစ်ရှောင် ပြည်သူများနှင့် CDM များအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး ထိထိရောက်ရောက် ပံ့ပိုးကူညီရန်၊ လက်နက်ကိုင် တော်လှန်ရေးသည် အချိန်တိုအတွင်း တဆစ်ချိုး အပြောင်းအလဲများ ရုတ်တရက် ချိုးကွေ့ပြောင်းလဲ တက်သည်ကို သတိချပ်စေလိုကြောင်း ယာယီသမ္မတက ထပ်မံပြောဆိုသည်။

.

ထို့နောက် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အမှာစကား ပြောကြားပြီး သက်ဆိုင်ရာ ဝန်ကြီးများ၊ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကာ ပြည်ထောင်စုဝန်ကြီးချုပ်က ပြန်လည် ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

.

အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

.

Journal Download

Photo of three cats