.
ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၃) နယ်မြေတွင်
စက်တင်ဘာလ တစ်လတာအတွင်း KNLA KNDO တပ်နှင့်
စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ၌ စစ်ကောင်စီဘက်မှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးအဆင့်ရှိသူများ
အပါအဝင် အများအပြား သေဆုံးခဲ့သည်ဟု KNU က ယနေ့ အောက်တိုဘာလ ၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
.
.
စစ်ကောင်စီတပ်များသည် KNU-ခလယ်လွီခရိုင်၊ တပ်မဟာ (၃) နယ်မြေတွင် စစ်ဆင်ရေးလှုပ်ရှားမှုများနှင့်
လူ့အခွင့်အရေးချိုးဖောက်မှုများကို အမြဲတမ်းပြုလုပ်လျက်ရှိပြီး
တပ်မဟာ(၃)လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း(၇)၊ တပ်ရင်း(၈)၊ တပ်ရင်း(၉)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)
တပ်ရင်း (၃) တို့နှင့် နေ့စဉ် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။
.
စစ်ကောင်စီတပ်၏ ခလရ(၄၈)၊ ခမရ(၅၉၀)၊ ခမရ(၅၉၉)၊
ခမရ(၅၈၂)၊ ခမရ(၃၄၉)နှင့် တပ်မ(၇၇)တပ်ရင်းတစ်ရင်းတို့ သည် ပြီးခဲ့သည့် စက်တင်ဘာလ
၇ ရက်မှ စတင်ကာ KNLA တပ်ရင်း (၉) နှင့် KNDO တပ်ရင်း (၃) နယ်မြေများအား ရှင်းလင်းရန်
ထိုးစစ်ဆင်လာသောကြောင့် KNLA တပ်ရင်း (၉)၊ KNDO တပ်ရင်း (၃)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်
Federal Wings တပ်ဖွဲ့များမှ ပြန်လည်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
.
KNLA တပ်ရင်း (၉) KNDO တပ်ရင်း(၃)နယ်မြေများတွင် စက်တင်ဘာလ ၇ ရက်မှ စက်တင်ဘာလ ၃၀ ရက်အတွင်း KNLA
ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပေါင်း ၃၁ ကြိမ်ဖြစ်ပွားခဲ့ပြီး
စစ်ကောင်စီတပ်များဘက်မှ တပ်ရင်းမှူးတစ်ဦး၊ ဒုရင်းမှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦး၊
ဒုဗိုလ်တစ်ဦးအပါအဝင် စုစုပေါင်း ၅၄ ဦးသေဆုံးကာ ၇၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း
သိရသည်။
.
ထို့အတူ တပ်မဟာ (၃) နယ်မြေများတွင် တစ်လတာအတွင်း စစ်ကောင်စီတပ်နှင့်
KNLA ပူးပေါင်းတပ်များအကြား တိုက်ပွဲ ၈၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၈၃
ဦး သေဆုံး၍ ၈၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ တိုက်ပွဲများအတွင်း KNLA ပူးပေါင်းတပ်များမှ ရဲဘော် ၃ ဦး
ကျဆုံးခဲ့ပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အပြင် စစ်ကောင်စီတပ်သည် ပြည်သူလူထုများနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့်
ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ပြီး လေကြောင်းမှလည်း ၃
ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး
၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
အလားတူ စစ်ကောင်စီတပ်သည် ရွာသားတစ်ဦးကို
ပစ်သတ်ခဲ့ပြီး ရွာသားတစ်ဦးအား ဖမ်းဆီးခဲ့ကာ KNU-မူး(မုန်း) မြို့နယ်
အတွင်းရှိ ကျေးရွာ ၂ ရွာကိုလည်း အတင်းအဓမ္မပြောင်းရွှေ့စေခဲ့သည်ဟု
KNU က ထုတ်ပြန်ထားသည်။
.