KNU ဒူးပလာယာခရိုင်အတွင်းရှိ မဲ့ကသာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

KNU ဒူးပလာယာခရိုင်အတွင်းရှိ မဲ့ကသာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

.

ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်အတွင်းရှိ မဲ့ကသာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းသို့ စစ်ကောင်စီတပ်က ယနေ့ အောက်တိုဘာလ ၆ ရက်၊ နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

.


.

စစ်ကောင်စီတပ်၏ မှော်ဘီလေတပ်စခန်းမှ တိုက်လေယာဉ် ၃ စီးသည် ယနေ့ အောက်တိုဘာလ ၆ ရက်၊ နံနက် ၂ နာရီခွဲခန့်က မဲ့ကသာဘုန်းတော်ကြီးကျောင်းဝင်းအတွင်းသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဘုန်းကြီးကျောင်း မီးလောင် ပျက်စီးကာ သံဃာတစ်ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

.

အဆိုပါ ဘုန်းကြီးကျောင်းတွင် ဒေသခံရွာသားများ ခိုလှုံနေကြသော်လည်း ယခု စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ချိန်တွင် လူမရှိသည့်အတွက် ထိခိုက်မှု မရှိခဲ့ကြောင်း သိရှိရသည်။

.

ဘုရားသုံးဆူမြို့အနီးရှိ ဘုရားတောင်စစ်တပ်စခန်းကို KNLA ပူးပေါင်းအဖွဲ့က စက်တင်ဘာလ ၂၈ ရက်နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်သည် ကြာအင်းဆိပ်ကြီးအခြေစိုက် တပ်ရင်းများမှတဆင့် လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခြင်း၊ ကင်းထောက်နှင့် တိုက်လေယာဉ်များ မကြာခဏ ဝဲပျံခြင်း၊ ဗုံးကြဲ ပစ်ခတ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats