ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျိုက်ဒုံနယ်မြေရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၁၈)နှင့် ဒေါနစစ်ကြောင်း တပ်ခွဲ (၁) ပူးပေါင်းအဖွဲ့က ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်၊ ညပိုင်းတွင် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
.
အဆိုပါစခန်းအား ဝင်ရောက်စီးနင်းခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ ရှေ့ထွက်မိုင်း ၄ လုံး၊ မိုင်းကြိုး ၂ ခွေ၊ လက်ဗစ်ဗုံး ၂၃ လုံး၊ 7.62 ကျည် ၂၅၄၀ တောင့်၊ ၆၀ မမ ဗုံးသီး ၂၃ လုံး၊ G3 ၆ လက်၊ G3 ကျည်ဘောက် ၁၁ ဘောက်၊ G4 ၁ လက်၊ အူဇီ ၂ လက်၊ ၆ လုံးပြူး ၄ လက်၊ ကွန်မန်ဒိုစိန်ဗြောင်း ၄ လက်၊ ဆသရစက်ကြီး ၁ လုံး၊ RPG ပို့ယမ်း ၃ တောင့်တို့ကို ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
.
တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက် အကျအဆုံး မရှိကြောင်းနှင့် စစ်ကောင်စီဘက်မှ တစ်ဦး သေဆုံးခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။
.
တိုက်ပွဲ ဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်ကောင်စီတပ်၏ ကျိုက်ဒုံဗျူဟာတပ်မှ လက်နက်ကြီးများဖြင့် ကျိုက်ဒုံမြို့သို့ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ မြို့နေပြည်သူ တစ်ဦး၏ နေအိမ်သို့ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။