.
ကချင်လွတ်မြောက်ရေးအစည်းအရုံး (KIO) ဗဟိုကော်မတီ အနေဖြင့် မကြာမီကာလအတွင်း
နိုင်ငံရေးအရွေ့ တစ်ခုသို့ ဖော်ဆောင်သွားမည်ဖြစ်ပြီး KIO ပါတီဝင်များ၊ ပြည်သူများနှင့်
KIO ဝန်ထမ်းများအားလုံး အားသွန်ခွန်စိုက် ပါဝင်သွား ကြရန် တိုက်တွန်းလိုကြောင်း
KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က ပြောဆိုခဲ့သည်ဟု သိရသည်။
.
.
ယနေ့ အောက်တိုဘာလ ၂၅ ရက်တွင် ကျရောက်သည့် KIO တည်ထောင်ခြင်း ၆၂
နှစ်မြောက်နေ့ မိန့်ခွန်း ပြောကြားရာတွင် ဗိုလ်ချုပ်ကြီး အင်ဘန်လက ယင်းကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
.
ပင်လုံစာချုပ်သည် ၁၉၄၇ ဖွဲ့စည်းပုံဥပဒေ၏
လွမ်းမိုးချေဖျက်ခြင်းကိုခံရသည့်အတွက် တိုင်းရင်းသားလူမျိုးများ
တော်လှန်လာရခြင်းဖြစ်ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာကို စစ်တပ်က ထာဝရ ဦးဆောင်ချုပ်ကိုင်သွားမည့် စစ်အာဏာရှင်စနစ်ကြောင့် ပြည်တွင်းစစ်ကို
ပိုမိုတောက်လောင်စေကာ တစ်နိုင်ငံလုံး အဖက်ဖက်၌
ဆင်းရဲကြပ်တည်း ခက်ခဲစေခဲ့ကြောင်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ဆိုသည်။
.
ထို့အပြင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်
စစ်အာဏာသိမ်းမှုကြောင့် တနိုင်ငံလုံး၌ ရှုပ်ထွေးကြပ်တည်းသည့် အခင်းအကျင်းသို့
ဆိုက်ရောက်သွားပြီး ဆင်းရဲဒုက္ခများနှင့် ကြုံတွေ့နေရသော်လည်း အခြားတစ်ဖက်၌
ထွက်ရှိလာ သော အဖြေတစ်ခုမှာ အာဏာရှင်စနစ်ကို ချေမှုန်းတိုက်ဖျက်ပစ်ရမည်ဆိုသည့်
အချက်ဖြစ်ပြီး ၎င်းလုပ်ဆောင်ချက်တွင် KIO လည်း ဖြစ်နိုင် သော
နည်းလမ်းများဖြင့် ပါဝင်ရမည်၊ တာဝန်ယူရမည်၊ ဦးဆောင်ရမည်ဟု ၎င်းက ဆိုသည်။
.
KIO သည် မည်သို့သော စစ်ရေးနှင့် နိုင်ငံရေး
မုန်တိုင်းကြီးများကိုမဆို ဖြတ်ကျော်နိုင်ခဲ့သလို KIO
ခေါင်းဆောင် အဆက်ဆက်က မိမိတို့ KIO ၏
မူလနိုင်ငံရေးလမ်းစဉ်နှင့် သွေဖယ်သွားခြင်းမရှိဘဲ ခိုင်ခိုင်မာမား ရပ်တည်ကာ
ဦးဆောင်လာခဲ့၍ KIO သည် ပြည်သူလူထုကို ကိုယ်စားပြုသည့်
အဖွဲ့အစည်းအဖြစ် ဖြစ်တည်နေပြီဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောဆိုခဲ့သည်။
.