.
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်နေသော လျှပ်စစ်နှင့်
စွမ်းအင်ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနများမှ CDM နေ့စားဝန်ထမ်းများ အားလုံးကို
အမြဲတမ်းဝန်ထမ်းအဖြစ် အသိအမှတ်ပြု ခန့်အပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့်
စွမ်းအင်ဝန်ကြီးဌာနက အောက်တိုဘာလ ၆ ရက်တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။
.
.
အကြမ်းဖက်စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားမှုမှာ
ပါဝင်နေကြတဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန(ယခင်)
တို့မှ CDM နေ့စားဝန်ထမ်းများ အားလုံးကို
အမြဲတမ်းဝန်ထမ်းများ အဖြစ် အသိအမှတ်ပြုခန့်အပ်လိုက်တယ်လို့
အမျိုးသားညီညွတ်ရေးအစိုးရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး
ဦးစိုးသူရထွန်းလက်မှတ်နဲ့ အောက်တိုဘာ ၆
ရက်မှာထုတ်ပြန်ခဲ့ပါတယ်။
.
တစ်နိုင်ငံလုံးရှိ ပြည်သူ့ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီ အာဏာသိမ်းမှုကို
အကြမ်းမဖက် အာဏာဖီဆန်သည့် နည်းလမ်းဖြင့် ကန့်ကွက်ဆန္ဒပြလျက်ရှိရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့်
ယခင် ဆောက်လုပ်ရေးဝန်ကြီးဌာန များမှ အရာထမ်း၊ အမှုထမ်းများနှင့် နေ့စားဝန်ထမ်းများလည်း
ပါဝင်ခဲ့ကြောင်း၊ ယင်း CDM ဝန်ထမ်းများသည် ယခုချိန် အထိ ရာထူး၊ နေရာနှင့် လစဝင်ငွေများကို
စွန့်လွှတ်အနစ်နာခံပြီး အခက်အခဲပေါင်းစုံကို ကြံ့ကြံ့ခံ ရင်ဆိုင်ကာ ပြတ်သား ခိုင်မာသည့်
စိတ်ဓါတ်ဖြင့် နိုင်ငံတော်အတွက် ပေးဆပ်တိုက်ပွဲဝင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
.
လက်ရှိတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန မဖွဲ့စည်းရသေးသည့်အတွက် တာဝန်ယူကြီးကြပ်ပေးနေသည့်
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့်
ယခင် ဆောက်လုပ်ရေးဝန်ကြီးဌာနများမှ သူရဲကောင်း CDM နေ့စားဝန်ထမ်းများကို ချီးကျူးဂုဏ်ပြုသည့်အနေဖြင့်
လက်ရှိတော်လှန်ရေးကာလ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ စတင်၍ နိုင်ငံဝန်ထမ်း အမှုထမ်းအဖြစ်
အသိအမှတ်ပြု ခန့်အပ်လိုက်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းက လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။
.
တော်လှန်ရေးအောင်မြင်ပြီးနောက် ယင်း အသိအမှတ်ပြု ခန့်အပ်လိုက်သည့်
အမှုထမ်းများကို စွမ်းဆောင်ရည်အလိုက် အရည်အချင်းစစ် စာမေးပွဲများ ကျင်းပပြီး သင့်လျော်သည့်
ရာထူးနေရာများတွင် ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.