စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် မြန်မာနိုင်ငံ တစ်ဝန်း၌ တိုက်ပွဲပေါင်း ၇၇၀၀ ကျော် ဖြစ်ပွားခဲ့သည်ဟု သိရသည်။
.
အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်အထိ အလေးထားရမည့် အချက်အလက်များကို သုတေသနအဖွဲ့ တစ်ဖွဲ့ ဖြစ်သည့် ISP Myanmar က ထုတ်ပြန်ရာတွင် ယင်းကဲ့သို့ ဖော်ပြထားခြင်း ဖြစ်သည်။
.
ယင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) များ၏ တိုက်ပွဲဖြစ်ပွားမှု ၄၅၂၀ ကြိမ်ထက် မနည်း၊ စစ်ကောင်စီတပ်များနှင့် ဒေသကာကွယ်ရးတပ် (PDF/LDF/CDF/CNDF/KNDF စသဖြင့်) များ၏ တိုက်ပွဲဖြစ်ပွားမှု ၂၁၆၉ ကြိမ်ထက် မနည်း၊ EAOs နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားမှု ၉၀၆ ကြိမ်ထက်မနည်း ရှိသည်ဟု ISP Myanmar က ဆိုသည်။
.
ကရင်ပြည်နယ်တွင် တိုက်ပွဲပေါင်း ၄၃၈၃ ကြိမ်ဖြင့် အများဆုံး၊ စစ်ကိုင်းတိုင်းတွင် တိုက်ပွဲပေါင်း ၈၃၀ ကြိမ်ဖြင့် ဒုတိယအများဆုံး၊ ချင်းပြည်နယ်တွင် တိုက်ပွဲပေါင်း ၅၈၂ ကြိမ်ဖြင့် တတိယအများဆုံး ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
ထို့အတူ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တကျော့ပြန်တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ရာ ၂၀၂၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်ရှိ မြို့နယ် ၆ ခုတွင် တိုက်ပွဲအကြိမ်ရေ ၄၀ ထက်မနည်း ဖြစ်ခဲ့ကာ တိုက်ပွဲဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ်ရှိ ဒေသခံ ၁၀၉၂၂ ဦးထက် မနည်း ဘေးလွတ်ရာနေရာများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်ဟု သိရသည်။