“ တစ်ခေါက်လောက်တော့ လာခဲ့ကွယ်၊ တန်ဆောင်တိုင်ပွဲကြီး ကြည့်လို့ရယ် နွေးထွေးစွာ တို့များ စီးလို့ကြိုပါတယ်။ နွှဲလို့ပျော် ကကြမယ်လေ။ အိုးစည်ဗုံမောင်း လင်ကွင်းတီးသံတွေ မိုးလုံးခြိမ့်ခြိမ့်သဲ။ လျှပ်နွယ်လျှပ်ပန်း မီးခက်တွေနဲ့ တို့ရဲ့ ရိုးရာပွဲ။ ရိုးရာမပျက် နွှဲခဲ့ပါတယ် တို့ရဲ့တန်ဆောင်တိုင်ပွဲ။ တောင်ပေါ်မြေပြန့် သွေးချင်းတို့ကို အားလုံး ဖိတ်ခေါ်တယ်။ တို့များရိုးရာ တို့ရိုးရာ အားလုံး အားလုံး အားလုံး ကမယ်ကွယ်။"
.
လူမှုကွန်ရက်ကို ဖွင့်ကြည့်ရင်း အမှတ်တစ်မဲ့ တွေ့လိုက်ရတယ် ဆိုပေမယ့်
ရင်ထဲ ထိသွားတဲ့ သီချင်းတစ်ပုဒ်။ ၂၀၁၉ ခုနှစ် တောင်ကြီး တန်ဆောင်တိုင်ပွဲတော် သီချင်းပြိုင်ပွဲမှာ
ပထမဆုရတဲ့ သီချင်း။ ဆုရ တေးသံရှင် ဟိန်းကို သီဆိုထားတဲ့ “တို့ရှမ်းပြည်နယ်တန်ဆောင်တိုင်ပွဲတော်”။
.
ဘာလိုလိုနဲ့ တောင်ကြီးမြို့ရဲ့ အထင်ကရ ကမ္ဘာကျော်ပွဲတော်ကြီး ဖြစ်တဲ့
တန်ဆောင်တိုင်ပွဲ မလုပ်နိုင်တာ အခုဆိုရင် ၃ နှစ်မြောက် ရှိတော့မယ်။ မီးပုံးပျံပြိုင်ပွဲ
ဆိုတာ တောင်ကြီးမြို့တော်ရဲ့ အထိမ်းအမှတ် ပွဲတော်ကြီး တစ်ခု။ ကျန်တဲ့ အရပ်ဒေသတွေမှာ
ပုံတူပွား လုပ်ကြပေမယ့် မီးပုံးပျံပြိုင်ပွဲ ဆိုရင် တောင်ကြီးမြို့ကိုသာ မြင်တတ်ကြတယ်။
မိတ္တူတွေ ဘယ်လောက် ပွားထားပါစေ မူရင်းရဲ့ အနှစ်သာရကိုတော့ လိုက် မမီနိုင်ပါဘူး။ ရိုးရာအမွေအနှစ်
ဖြစ်တဲ့အတွက် တောင်ကြီးမြို့တန်ဆောင်တိုင် မီးပုံးပျံပွဲတော်က မြန်မာနိုင်ငံတစ်ဝှမ်းလုံးအပြင်
ကမ္ဘာအရပ်ရပ် အထိ ကျော်ကြားနေတာ ဖြစ်ပါတယ်။ ပွဲတော်ရဲ့ ဂုဏ်ရှိန်ဝါက ကြီးမားလွန်းခဲ့တယ်။
.
COVID-19 ရောဂါ ဖြစ်ပွားချိန်က စပြီး ပွဲတော် မလုပ်နိုင်ခဲ့တာ အခုဆိုရင် ၃ နှစ်။ တောင်ကြီးမြို့ ဒေသခံတွေကတော့ ပွဲတော်နဲ့ ပတ်သက်ပြီး အလွမ်းမိုး စွေနေမယ်ဆိုတာ ပြောစရာ မလိုပါဘူး။
.
နှင်းမှုံ ခပ်ပါးပါးကြားက စွေနေတဲ့ မီးပုံးပျံ အလွမ်းမိုး။ ဒါပေမယ့် လွမ်းတာက သပ်သပ် နာတာက သပ်သပ်စီရယ်၊ အခုချိန် မီးပုံးပျံပြိုင်ပွဲ လုပ်မယ်ဆိုရင်တောင် မီးပုံးပျံ အမှန်တကယ် ချစ်တဲ့လူတွေက လုပ်နိုင်မှာ မဟုတ်ပါဘူး။ မီးပုံးပျံ လုပ်နိုင်လောက်အောင် ဒေသခံတွေရဲ့ ရင်ဘတ်ထဲမှာ ပျော် မနေကြပါဘူး။ ပျော်ရွှင်ခြင်း မရှိတဲ့ ရင်ဘတ်တူတွေကလည်း ဒီပွဲတော်ကြီးကို လုပ်စေချင်ကြမှာ မဟုတ်ပါဘူး။ မီးပုံးပျံဆိုတာ ရှင်းလင်းတဲ့ ရင်ဘတ်တွေကြားက ဒြပ်မဲ့အလှတရား တစ်ခု။
.
“ တောင်ကြီးသားတွေကတော့ ဒီလိုအချိန် ရောက်ရင်မီးပုံးပျံ လုပ်နေကြလေ။
ပြိုင်ပွဲဝင်ဖို့အတွက် သူ့ထက် ငါ အပြိုင်အဆိုင် လုပ်ကြတာပေါ့။ အချိန်အခါ ရောက်လာရင်
မီးပုံးပျံပိုးက ထလာပေါ့။ ဒါပေမယ့် အခုလို အခြေအနေမျိုးနဲ့တော့ ဘယ်သူမှ လုပ်ချင်မှာ
မဟုတ်ပါဘူး။ လုပ်မယ့်လူလည်း မရှိဘူး။ ဒီပွဲတော်က လူငယ်တွေ အဓိက ပျော်ပါး လုပ်ကိုင်ကြတဲ့ပွဲပါ။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကြောင့် လူငယ်တွေ အများကြီး ဒုက္ခ ရောက်ရတယ်။ အဲဒါကြောင့်
ပွဲတော်က လုပ်ကို မလုပ်သင့်သေးပါဘူး။ လွတ်လပ်တဲ့ တစ်နေ့ကြမှ ဒီပွဲတော်ကို လုပ်တာ အကောင်းဆုံးပါပဲ။”
လို့ တောင်ကြီးဒေသခံ တစ်ဦးက သူ့အမြင်ကို ပြောတယ်။
.
မီးပုံးပျံအဖွဲ့ဝင် တချို့လည်း ထောင်ကျနေသူနဲ့၊ စစ်ကောင်စီက လိုက် ဖမ်းနေလို့
ပြေးနေကြသူတွေနဲ့ လူ မစုံကြပါဘူး။ မီးပုံးပျံတွင် မဟုတ်၊ တခြားပြိုင်ပွဲတွေက ပြိုင်ပွဲဝင်တွေ
အပြင် ဒိုင်တွေပါ ပြေးနေရသူတွေ ရှိနေကြသေးတယ်။ တချို့ဆို ကွယ်လွန်ခဲ့ကြရပြီ။
.
တောင်ကြီးမြို့တော်ရဲ့ တန်ဆောင်တိုင်ပွဲတော်ဆိုတာ မီးပုံးပျံပြိုင်ပွဲ
တစ်ခုတည်းတော့ မဟုတ်ပါဘူး။ မြို့လုံးကျွတ် ဘုံကထိန်ပွဲ၊ မီးပဒေသာ လှည့်လည်ပူဇော်တဲ့ပွဲ၊
မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲ၊ တေးသီချင်း၊ ဓာတ်ပုံ၊ စာပေဆိုင်ရာ ပြိုင်ပွဲတွေလည်း
ပါဝင်နေပါသေးတယ်။ အားလုံး ခြုံကြည့်ရင်တော့ တန်ဆောင်တိုင်ပွဲတော်ကြီး။ ဒီလို အမျိုးအစား
စုံလင်လို့လည်း ကမ္ဘာကျော်ပွဲတော်ကြီး တစ်ခုအဖြစ် ထင်ရှား ကျော်ကြားနေရတာပါ။ အခုအချိန်မှာတော့
တောင်ကြီးမြို့ပေါ်က အိုးစည်လင်ကွင်းမောင်းတီးသံတွေက ဒီမိုကရေစီ ပြန်ရမယ့် တစ်နေ့ကို
စောင့်မျှော်နေကြတယ်။ သမိုင်းရိုင်းမှာကို စိုးရိမ်နေကြတယ် ဆိုရမယ်။
.
စစ်တပ်က အာဏာ သိမ်းပြီးနောက်ပိုင်း ပြည်သူလူထု ကြားက ပျော်ရွှင်မှုတွေ
ပျောက်ဆုံးသွားခဲ့တယ်။ တစ်ခါတရံ စိတ်ထွက်ပေါက် ရှာတဲ့အနေနဲ့ မိသားစုကို အချိန်ပေးတာမျိုး၊
အပျော် ရှာမိတာမျိုးတော့ ရှိတာပေါ့။ ဒီဟာကလည်း သူတို့ အခွင့်အရေးလေ။ အများစုကတော့ မပျော်နေကြဘူးဆိုတာ
ထောင်တွင်းအကျဉ်းကျနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ ကရင်နီနဲ့ ဖယ်ခုံမြို့နယ်ထဲက တော်လှန်ရေးလူငယ်တွေ၊
ပြီးတော့ သူတို့ရဲ့ မိသားစုဝင်တွေက သက်သေ တစ်ခု။
.
မီးပုံးပျံပြိုင်ပွဲ လုပ်မယ် ဆိုတာနဲ့ မဖြစ်မနေ အသုံးပြုရမယ့် အရာက
ယမ်းပိုင်းဆိုင်ရာ ပစ္စည်းတွေပါ။ တောင်ကြီး ဒေသခံတွေက ယမ်းပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး
ကျွမ်းကျင်တတ်မြောက်ကြပါတယ်။ ဒီအချက်ကပဲ တောင်ကြီးဒေသခံတွေ အဖိနှိပ်ခံ ဖြစ်ခဲ့ရသလို၊
စစ်ကောင်စီအနေနဲ့လည်း မီးပုံးပျံပြိုင်ပွဲ ပြုလုပ်မှာကို မလိုလားပါဘူး။ သူတို့ရဲ့ အကြောက်တရားတွေကြောင့်
ပွဲတော် မလုပ်နိုင်တာလည်း အကြောင်းရင်း တစ်ချက် ဖြစ်ပါတယ်။ မီးပုံးပျံဆိုတာ အကြောက်တရား
ကင်းတဲ့ လူမှသာ လုပ်နိုင်တဲ့ အရာ။
.
“ တောင်ပေါ်ဆောင်းနှင်း ကျကာ တို့ရဲ့မီးပုံပွဲ။ တစ်မူးရှိလို့ တစ်ပဲလှူ။ တောင်ပေါ်သားတို့ ကုသိုလ်ပွဲ။ ဘုံကထိန်ပွဲ ကျင်းပတဲ့ တို့ရဲ့ရှမ်းပြည်နယ်။” ဆောင်းနှင်း ဖွေးဖွေး ကျလာရင် တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီး လုပ်ကြတယ်။ မကြာခင် ကာလအတွင်း ဆောင်းနှင်းတွေ ကျလာပါတော့မယ်။
.
ဒီတစ်နှစ် ဆောင်းလည်း တောင်ကြီးမြို့ ကောင်းကင်ယံမှာ အရင်နှစ်တွေကလို နှင်းပွင့်တွေပဲ ရှိနေပါလိမ့်မယ်။ အေးစက်စက် နှင်းပွင့်တွေက မြို့တော် တောင်ကြီးရဲ့ ကောင်းကင်ယံကို အလှဆင်ကြလိမ့်မယ်။ စစ်အာဏာရှင် လက်အောက်မှာ တောင်ကြီးမြို့ကောင်းကင်ယံက မီးပုံးပျံ မရှိတဲ့ ကောင်းကင်။ ။