အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ Time Square ၌ ကမ္ဘာလုံးဆိုင်ရာ မြန်မာကျောင်းသားသပိတ်ကို Global Myanmar Spring Revolution ၏ အစီအစဉ်များအတိုင်း NYCBC အဖွဲ့က ဦးဆောင်၍ ယနေ့ အောက်တိုဘာလ ၃၀ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အခမ်းအနားသို့ အမေရိကန်ရောက် မြန်မာများနှင့်အတူ ယူကရိန်းနှင့် အီရန် နိုင်ငံတို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများလည်း လာရောက်ပူးပေါင်း ပါဝင်အင်အားဖြည့်ခဲ့ကြပြီး အမေရိကန် တက္ကသိုလ်ကောလိပ်များ၌ ပညာသင်ကြားနေကြသော Generation Z များ တက်ရောက်ကာ မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ် နေသော မြန်မာကျောင်းသားများ ပညာသင်ကြားရင်း စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်ခံရမှု၊ အသတ်ခံရမှု၊ ဖမ်းဆီးနှိပ်စက်ခံရမှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း GMSR က ဖော်ပြထားသည်။
.
ထို့အတူ ယူကရိန်းအရေးလှုပ်ရှားသူ ( Arthur Zgurov) ယူကရိန်းစစ်သားဟောင်းများ ဖြစ်ကြသော Anton and Victor ၊ အီရန်အရေးလှုပ်ရှားသူ (Masih Alinejad နှင့် Sepideh Moafi ) Ethiopia ကျောင်းသူ Saba Desta တို့လည်း မြန်မာကျောင်းသားများနှင့် တသားတည်း ရပ်တည်ကြောင်း၊ မြန်မာ့နွေဦးတော်လှန်ရေးနှင့် အတူ ရပ်တည်ကြောင်းတို့ကို တက်ရောက်ပြောကြားခဲ့ကြောင်း GMSR က ဆိုသည်။
.
အဆိုပါ အခမ်းအနား၌ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကျင်းပခဲ့သည့် ဂီတဖျော်ဖြေပွဲကို စစ်တပ်က လူမဆန်စွာဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် ကြွေလွင့်ခဲ့ကြသော အပြစ်မဲ့ပြည်သူများအတွက် ဝမ်းနည်းဆုတောင်းပွဲ အစီအစဉ်ကိုလည်း ထည့်သွင်းကျင်းပခဲ့သည်ဟု သိရသည်။
.
ထို့အပြင် လက်ယက်ကုန်းကျေးရွာ၌ စစ်ကောင်စီတပ်၏ ဗုံးကြဲ တိုက်ခိုက်ခံရပြီး ကြွေလွင့်ခဲ့ရသည့် အပြစ်မဲ့ ကျောင်သားကလေးငယ်များ အတွက် ဝမ်းနည်းဆုတောင်းစကားများ၊ ကဗျာရွတ်အစီစဉ်များ ထည့်သွင်းကျင်းပကာ ကြွေးကြော်သံများဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။