မြန်မာနိုင်ငံ၏ အထင်ကရပွဲတော် တစ်ခု ဖြစ်သည့် တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်၊ မီးပုံးပျံပြိုင်ပွဲကို ယခုနှစ်တွင် ပြုလုပ်နိုင်မည် မဟုတ်ကြောင်း သိရသည်။
.
တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ပြုလုပ်မည် ဆိုပါက ယမ်းဖြင့် ပြုလုပ်ရသည့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲကိုလည်း ထည့်သွင်း ပြုလုပ်ရမည် ဖြစ်၍ ယခုနှစ်တွင် မပြုလုပ်ခြင်း ဖြစ်နိုင်သည်ဟု သတင်းရင်းမြစ် တစ်ဦးထံမှ သိရသည်။
.
" ပုံမှန်အားဖြင့်တော့ အခု အောက်တိုဘာ နောက်ဆုံးပတ်မှာ စ ရမှာ။ မီးပုံးပျံပြိုင်ပွဲ မပါရင်လည်း တန်ဆောင်တိုင်လို့ ဖြစ်မလာနိုင်ဘူး။ မီးပုံးပျံ ပါရင် ယမ်းကလည်း ပါလာမယ်။ ဒီအချက်ကို ထည့် စဉ်းစားတာရော၊ လုံခြုံရေး အခြေအနေအရရော မလုပ်ဖြစ်တာ။" ဟု သတင်းရင်းမြစ် က ပြောသည်။
.
တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်တွင် ရိုးရာမီးပုံးပျံပြိုင်ပွဲ၊ မြို့လုံးကျွတ်ဘုံကထိန် လှည့်လည်ပူဇော်ပွဲ၊ မီးပဒေသာ လှည့်လည်ပူဇော်ပြိုင်ပွဲ၊ မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းပြိုင်ပွဲ၊ တေးသီချင်းပြိုင်ပွဲ၊ ဓါတ်ပုံပြိုင်ပွဲ၊ စာပေဆိုင်ရာပြိုင်ပွဲ စသည့် ပြိုင်ပွဲ အသီးသီး ပါဝင်သည်။
.
COVID-19 ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ်မှ စတင်၍ မပြုလုပ်ဖြစ်တော့သည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို စစ်အာဏာသိမ်း ကာလတွင် မပြုစေလိုသည့် ဆန္ဒများ မီးပုံးပျံအဖွဲ့ အများစုတွင် ရှိနေကြောင်းလည်း သိရသည်။
.
" ကိုဗစ် စ ဖြစ်ကတည်းက မလုပ်ဖြစ်တာ။ ခု စကစ (စစ်ကောင်စီ) လက်ထက်မှာလည်း မလုပ်ဖြစ်ဘူး ဆိုတော့ ဝမ်းသာတယ်ဗျာ။ ကျနော်တို့က ပျော်တတ်ပါတယ်၊ ဒါပေမယ့် ခုချိန်မှာ မပျော်ချင်ဘူး ဆိုတာထက် မပျော်သင့်၊ မလုပ်သင့်တာပေါ့ဗျာ။ ပွဲတော်ပုံရိပ် မထိခိုက်စေချင်ရုံပါ။ " ဟု မီးပုံးပျံ အဖွဲ့ဝင် တစ်ဦးက ပြောသည်။
.
မီးပုံးပျံပြိုင်ပွဲအား မပြုလုပ်ဘဲ ကျန်ပွဲများဖြင့် တန်ဆောင်တိုင်ပွဲတော်ကို စစ်ကောင်စီက နိုင်ငံရေးအရ အမြတ်ထုတ်ရန် ရည်ရွယ် ကျင်းပမည် ဆိုပါကလည်း တန်ဆောင်တိုင်ပွဲနှင့် မီးပုံးပျံ ခွဲခြား၍ မရသည့်အတွက် အများ လှောင်ပြောင်စရာသာ ဖြစ်လိမ့်မည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
.
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလဆန်း ၈ ရက်မှ လပြည့်ကျော် ၁ ရက်အထိ နှစ်စဉ် ကျင်းပလာသည်မှာ နှစ်ပေါင်း ၇၀ ကျော်ကြာ သက်တမ်းရှိပြီ ဖြစ်ကာ မှတ်တမ်းများအရ ၁၉၄၉ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၈ ခုနှစ်တွင် တစ်ကြိမ် ကျင်းပနိုင်ခဲ့ခြင်း မရှိဘဲ ယခုအခါ ၃ နှစ်ဆက် မကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။