.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် တပ်မြေကျူးကျော်သည်ဟုဆိုကာ စစ်ကောင်စီတပ် ခမရ (၄၂၃) နှင့် (၄၂၄) က တရားစွဲဆိုထားသည့် မြေယာအငြင်းပွားမှုတွင် ဆီဆိုင်မြို့နယ်တရားရုံးက စစ်ကောင်စီတပ်ကို အနိုင်ပေးပြီး တောင်သူများကို ဒဏ်ငွေကျပ် တစ်သောင်းစီ ချမှတ်ခဲ့သည်ဟု သိရသည်။
.
.
ဆီဆိုင်မြို့၊ ဟိုခဲရပ်ကွက်အနီးရှိ ပြည်သူများ စိုက်ပျိုးလုပ်ကိုင် စားသောက်လာသော စိုက်ပျိုးမြေဧက ၂၂၀၀ ဧက ကို တပ်ပိုင်မြေဖြစ်ပြီး ပြည်သူများက ပိုင်နက်ကျူးကျော်သည်ဟုဆိုကာ ပုဒ်မ ၅၅၇ ဖြင့် တရားစွဲဆိုထားမှုကို ဆီဆိုင် မြို့နယ်တရားရုံးက ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
.
အဆိုပါ တရားရုံး၏ အမိန့်ချမှတ်မှုနှင့် ပတ်သက်၍ ပြည်သူများက ကျေနပ်ခြင်းမရှိသဖြင့် ခရိုင်တရားရုံးထံ အယူခံ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
.
“အခုလို အမိန့်ချလိုက်တဲ့အတွက် တောင်သူတွေအားလုံး အခက်အခဲဖြစ်ရတာပေါ့။ ၄ ရွာ၊ ၅ ရွာလောက်က တောင်သူ ၂၅၀ ကျော် ၃၀၀ လောက် ပါပါတယ်။ တောင်သူတွေအနေနဲ့ ခရိုင်အဆင့်ကို အယူခံ ဆက်တက်သွားမှာဖြစ်ပါတယ်” ဟု ဒေသခံ တောင်သူတစ်ဦးက ပြောသည်။
.
ဆီဆိုင်မြို့၊ တောင်ကြီးလွိုင်ကော်ကားလမ်း အရှေ့ဘက် ဧက ၃၀၀ နှင့် လမ်းအနောက်ဘက် ဧက ၁၉၀၀ ကျော်ကို စစ်တပ်က အတင်းအဓမ္မ သိမ်းယူခဲ့ပြီးနောက် တောင်သူများက ဆက်လက်စိုက်ပျိုးခဲ့ရာ စစ်တပ်က တောင်သူများ စိုက်ပျိုးထားသည့် သီးနှံများကို ဖျက်ဆီးပြီး ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
.
ယင်းမြေပေါ်တွင် ဒေသခံတောင်သူများက စစ်တပ်မရောက်မီ ၁၉၉၆ ခုနှစ် မတိုင်မီကတည်းက လုပ်ကိုင်စားသောက် ခဲ့ခြင်းဖြစ်ပြီး ၁၉၉၆ တွင် တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခံရကာ တောင်သူများက ဆက်လက်စိုက်ပျိုးလုပ်ကိုင်ခဲ့သည့် အတွက် ၂၀၂၀ ပြည့်နှစ်တွင် တရားစွဲဆိုခံရခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မြေဧက ၂၂၀၀ တွင် ဧက ၁၉၀၀ သည် လက်ရှိချိန်ထိ တောင်သူများ စိုက်ပျိုးရေး လုပ်ဆောင်နေပြီး ကျန်ဧက ၃၀၀ ခန့်ကို စစ်တပ်က ပေးမဝင်တော့သဖြင့် တောင်သူများ အခက်အခဲများဖြစ်နေပြီး စစ်တပ်က သိမ်းဆည်းမြေများ အတွက် လျော်ကြေးငွေလည်း ပေးအပ်ခြင်းမရှိကြောင်း သိရသည်။
.