.
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်းက
ကျပ်သန်းပေါင်း ၁၈၀၀ ကျော် အကုန်အကျခံ ပြင်ဆင်ထားသည့် တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းမှာ
လက်ရှိတွင် ပေါက်ပြဲပျက်စီးမှုများ ရှိနေပြီး လမ်းသွားလမ်းလာများ အတွက် အခက်အခဲ ဖြစ်ပေါ်နေရကြောင်း
သိရသည်။
.
.တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း၏
အပိုင်း (၂) ဖြစ်သော နဂါးပွက်ကျောင်းလမ်းဆုံမှ ဝါးပြားလမ်းဆုံ အထိ လမ်းပိုင်းကို
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်အစိုးရ ထောက်ပံ့ငွေ ကျပ်သန်း ၁၈၇၆ ဒသမ ၅၇
ဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“လမ်းက ပြင်ထားတယ်သာ
ပြောတာ။ အခုဆိုရင် ဘယ်လောက်မှ မကြာသေးဘူး။ တချို့နေရာတွေမှာ တော်တော် ကြီးကို ပျက်စီးနေတာ
တွေ့ရပါတယ်။ ဝါးပြားလမ်းဆုံမြောက်ဘက်၊ ဘုံကျောင်းအရှေ့မှာဆိုရင် အပေါက်တွေ အများကြီးပါပဲ။
အခုတော့ အဲဒီအပေါက်တွေကို ဆေးနီ တားထားတာ တွေ့ရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
.
အနောက်မြို့ပတ်လမ်း
အပိုင်း(၂) လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို တင်မြင့်ရီကုမ္ပဏီက ဆောင်ရွက်ခဲ့ခြင်း
ဖြစ်ပြီး COVID-19 ကာလနှင့်
ကြုံတွေ့ခဲ့ရသည့်အတွက် လုပ်ငန်းဆောင်ရွက်မှု ပိုမိုကြန့်ကြာခဲ့သည်။
.
အနောက်မြို့ပတ်လမ်း
အပိုင်း(၂) လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်း အဖြစ် နဂါးပွက်လမ်းဆုံမှ
ဝါးပြားလမ်းဆုံ အထိ လမ်းအရှည် ၇၁၆၅' × ၄၀' ကတ္တရာခင်းခြင်း၊
လမ်းဖြတ်တံတား ၇ ခု၊ လမ်းသွယ်တံတား ၂၆ ခု တည်ဆောက်ခြင်း၊ ၁၂၆၂၂' × ၃' ရှိ ရေမြောင်း/ရေမြောင်းဖုံး ဆောင်ရွက်ခြင်း၊ ဆက်သွယ်ရေးတိုင် ၂၅၀ တိုင်၊
လျှပ်စစ်မီးတိုင် ၁၅၀ တိုင် နုတ်ခြင်း၊ Pole Sharing ပြုလုပ်ထားသည့် တိုင်အသစ် ၇၂ လုံး စိုက်ခြင်းတို့ကို
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
.
ယင်းကဲ့သို့ အနောက်မြို့ပတ်လမ်း
အပိုင်း (၂) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး မကြာခင်အချိန်အတွင်း မှာပင်
လမ်းသားများ ပျက်စီးမှုဖြစ်ပေါ်နေသည့်အပြင် ဆက်လက်ဆောင်ရွက်ရန်ရှိသည့် ဝါးပြားလမ်းဆုံမှ
ဧရာဝတီ လမ်းဆုံအထိ အပိုင်း (၃) လုပ်ငန်းအားလည်း ဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိသေးချေ။
.
တောင်ကြီးမြို့တွင်
ဗိုလ်ချုပ်အောင်ဆန်းလမ်း (မိန်းလမ်း)၊ အရှေ့မြို့ပတ်လမ်းနှင့် အနောက်မြို့ပတ်လမ်း
ဟူ၍ အဓိက လမ်းမကြီး ၃ ခု တည်ရှိပြီး ယင်းအနက် အနောက်မြို့ပတ်လမ်းသည် မြို့တွင်းရှိ
အိမ်စီးယာဉ်များ၊ လိုင်းကားများ၊ ဆိုင်ကယ်များအပြင် ၂၂ ဘီးတွဲယာဉ် အပါအဝင်
ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာရာ လမ်းလည်း ဖြစ်သည်။
.