.
မြို့တော် တောင်ကြီးတွင် ယမန်နေ့ အောက်တိုဘာလ ၃ ရက်က ငွေကျပ် သိန်း
၃၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး များကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ
CCDAC Myanmar က သတင်းထုတ်ပြန်ထားသည်။
.
.
ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၃ ရက်၊ နံနက် ၈ နာရီခွဲခန့်က တောင်ကြီးမြို့၊
ကျောင်းကြီးစုရပ်ကွက်ရှိ ယာဉ်ရပ်နားကွင်း (သစ်တောကားကွင်း) တွင် စိုင်းဆိုင်နွံ
မောင်းနှင်ပြီး ခွန်အောင်ဆန်းဦး လိုက်ပါလာသည့် HONDA FIT အမျိုးအစား
မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသော ဆာလာအိတ် အတွင်းမှ
အိုက်စ်(မက်သ်အဖက်တမင်း) အလေးချိန် ၂၀ ကီလို၊ ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း
၃၀၀၀ အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ နေ့လယ် ၁ နာရီခွဲခန့်တွင်
တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်း ရပ်ကွက်၊ သီတာလမ်းရှိနေအိမ်အား
၀င်ရောက်ရှာဖွေရာ မဗျာမလေး (ခ) သံစဉ်ချို၊ မျိုးအောင်၊ ဇော်မိုင်၊ စိုင်းသက်ကိုကိုဦး တို့နှင့်အတူ
စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ပြား၊ ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း
၅၀ အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ စိုင်းဆိုင်နွံ၊ ခွန်အောင်ဆန်းဦး၊ မဗျာမလေး (ခ) သံစဉ်ချို၊ မျိုးအောင်၊
ဇော်မိုင်နှင့် စိုင်းသက်ကိုကိုဦးတို့အား သက်ဆိုင်ရာ ရဲစခန်းများတွင်
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး
ကွင်းဆက်များကို ဖော်ထုတ် လျက်ရှိကြောင်း သိရသည်။
.
.