ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ဆေးဝါး အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း စစ်ဘေးရှောင်နေသူများထံမှ သိရသည်။
.
မိုးဗြဲ အပါအဝင် ဖယ်ခုံမြို့နယ် အတွင်း၌ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် စစ်ကောင်စီတပ်၏ လက်နက်ကြီး အန္တရာယ်ကြောင့် ဒေသခံပြည်သူ အများအပြားသည် အိုးအိမ် စွန့်ခွာ၍ လပေါင်းများစွာ စစ်ဘေးရှောင် နေကြရခြင်း ဖြစ်သည်။
.
" ဖယ်ခုံ၊ မိုးဗြဲ စစ်ဘေးရှောင်တွေ အရမ်းခက်ခဲနေတယ်။ အဓိက ဆေးဝါးပဲ၊ ဆေးဝါး မလုံလောက်တော့ နာမကျန်း ဖြစ်တာ ကြာလာတယ်။ စစ်ကောင်စီကလည်း ဆေးသယ်ရင် လမ်းမှာတင် သိမ်းထားတော့ သယ်လို့ မရကြတော့ဘူး။ " ဟု စစ်ရှောင် ပြည်သူ တစ်ဦးက ပြောသည်။
.
စစ်ဘေးရှောင်စခန်းများတွင် ကလေးသူငယ် အများစု ဖျားနာနေကြသည့်အပြင် လူကြီးများပါ ဖျားနာလာသဖြင့် ဆေးဝါး အကူအညီ အရေးပေါ် လိုအပ်နေသကဲ့သို့ စားနပ်ရိက္ခာလည်း လိုအပ်နေကြောင်း သိရသည်။
.
" ဆေးဝါးက မလုံလောက်သလို မြို့ပေါ်မှာလို တစ်ခုခု ဖြစ်ရင် ဆေးခန်း ပြဖို့ထက် သောက်ရမယ့်ဆေး ရှိရင်ကို ကံကောင်းတာ။ တချို့ကလေးတွေဆိုရင် အာဟာရ မပြည့်ဝတော့ တော်တော်နဲ့ မသက်သာကြဘူး။" ဟု စစ်ရှောင် တစ်ဦးက ဆိုသည်။
.
စစ်ဘေးရှောင် အရေအတွက်မှာ စစ်ရှောင်စခန်း တစ်နေရာနှင့် တစ်နေရာ မတူညီသည့်အတွက် အတိအကျ မသိရသော်လည်း ပျဉ်းမျှအားဖြင့် သောင်းနှင့်ချီ၍ ရှိကြောင်း သိရသည်။
.
ပြည်သူများ အနေဖြင့် စစ်ဘေးရှောင် ပြည်သူများအား လူသားချင်း စာနာသောအားဖြင့် သက်ဆိုင်ရာ စစ်ဘေးရှောင် ကူညီစောင့်ရှောက်နေသည့် အဖွဲ့အစည်းများမှ တဆင့် ဖြစ်စေ၊ ကိုယ်တိုင် ဖြစ်စေ ဆက်သွယ်လှူဒါန်းမှုများ ပြုလုပ်ရန်ကိုလည်း ၎င်းက မေတ္တာရပ်ခံသည်။