ကရင်နီ (ကယား)ပြည်နယ်ရှိ စစ်ရှောင်စခန်း တစ်ခုကို စစ်ကောင်စီတပ်က ယမန်နေ့ အောက်တိုဘာလ ၂၃ ရက်၊ ည ၉ နာရီခန့်က လက်နက်ကြီးဖြင့် ပစ်၍ စစ်ရှောင် ၁ ဦး သေဆုံးကာ ဒဏ်ရာ ရသူများလည်း ရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ စစ်ရှောင်စခန်းမှာ လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာရှိ စစ်ဘေးရှောင်စခန်း ဖြစ်ပြီး စစ်ကောင်စီတပ်သည် လက်နက်ကြီးဖြင့် ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF)က ယနေ့ အောက်တိုဘာ ၂၄ ရက်တွင် ထုတ်ပြန်သည်။
.
စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ထိမှန်၍ သေဆုံးရသူမှာ အသက် ၃၅ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ၎င်း၏ ဇနီးဖြစ်သူ ဦးခေါင်းတွင်လည်း ပြင်းထန် ဒဏ်ရာ ရရှိထားကြောင်း သိရသည်။
.
ထို့အပြင် ကလေးငယ်များ အပါအဝင် စစ်ဘေးရှောင် ပြည်သူအချို့ ဒဏ်ရာ ရရှိထားသည်ဟု သိရသည်။
.
ကရင်နီပြည်အတွင်း၌ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် စစ်ရေးပဋိပက္ခများကြောင်း စစ်ဘေးရှောင်စဥ် သေဆုံးခဲ့ရသည့် စစ်ဘေးရှောင်ပြည်သူ ၆၅ ဦးထက် မနည်း ရှိကြောင်း သိရသည်။