တောင်ကြီးမြို့ရှိ အထက(၅)ကျောင်း၌ အောက်တိုဘာလ ၅ ရက် နေ့လယ်ပိုင်းတွင် ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ရန်ဖြစ်ရာ ထိခိုက် ဒဏ်ရာ ရသူများ ရှိကြောင်း သိရသည်။
.
Grade 11 ကျောင်းသား တစ်ဦးကို Grade 9 ကျောင်းသားများက ကျောင်းအိမ်သာအတွင်း ရိုက်နှက်ရာမှ ရန်ပွဲ စတင်ခဲ့ခြင်း ဖြစ်ပြီး Grade 11 ကျောင်းသားတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။
.
" Grade 11 က ကျောင်းသားကို Grade 9 ကျောင်း သားလေးက သံတုတ်နဲ့ရိုက်တာ။ ဘာကြောင့် ဖြစ်လဲက အိမ်သာမှာ သူတို့ကို ကြည့်လို ဆိုပြီး Grade 9 ကျောင်းသားတွေက သံတုတ်နဲ့ အရင် စ ရိုက်တာပါ။ နဖူးကို ရိုက်တာ ဖူးရောင်ပြီး ကြီးလာတော့ မျက်စိသွေးကြောပါ ပေါက်ပြီး မျက်စိသွေးချည်ဥ သွားတယ်" ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။
.
ရန်ပွဲတွင် တစ်ဘက်လျင် ကျောင်းသား ၃ ဦးခန့်စီ ပါဝင်ကြောင်းနှင့် လူမိုက်များကဲ့သို့ ကျောင်းတွင်း၌ လက်နက်များ ယူဆောင်လာကာ ရန်ဖြစ်သည်မှာ မဖြစ်သင့်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
.
" ကျောင်းသားတွေက လက်နက်တွေ ကျောင်းထဲ ယူလာနေတာတော့ မဖြစ်သင့်ဘူးလေ။ ကျောင်းထဲမှာ လူမိုက်အဖွဲ့လိုလို ဘာလိုလိုနဲ့ အုပ်စုတွေ ဖွဲ့ပြီး ရန်လိုနေတာရယ်၊ တုတ်တွေ ယူလာတာတော့ မဖြစ်သင့်ဘူး ထင်ပါတယ်။ အဓိက ကျောင်းက တာဝန်ရှိသူ ကျောင်းအုပ်ဆရာမကြီး အဓိကပေါ့နော်။ ကျောင်းသားတွေ ကျောင်းဝန်းထဲမှာ ရှိနေရင် သူ့မှာ တာဝန် ရှိပါတယ်" ဟု ဆိုသည်။
.
ယင်း ရန်ပွဲ ဖြစ်သည့်ကာလမှာ အခြေခံပညာအဆင့် စာမေးပွဲ ဖြေဆိုသည့် ကာလလည်း ဖြစ်သည်။
.
ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်ကလည်း တောင်ကြီးမြို့ အထက (၁) ကျောင်းတွင် Grade 10 ကျောင်းသား ၃ ဦးနှင့် Grade 9 ကျောင်းသားတစ်ဦးတို့ အွန်လိုင်းဂိမ်းကစားရင်း ဆဲဆိုရာမှ စကားများ ရန်ဖြစ်ပြီး ကျောင်းသန့်စင်ခန်းအတွင်း ထိုးကြိုက် ခိုက်ရန်ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။