.
ညောင်ရွှေအကျဉ်းထောင်(တောင်လေးလုံး)ထောင်
အပါအဝင် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် အသီးသီးရှိ အကျဉ်းသားများအတွက် ထောင်ဝင်စာ
ပို့ခွင့် ယနေ့ အောက်တိုဘာလ ၃၁ ရက်တွင် ပြန်လည် ရရှိပြီ ဖြစ်ကြောင်း သိရသည်။
.
.ထို့အတူ
ထောင်တွင်း အထူးတရားရုံးများကိုလည်း ယနေ့မှစ၍ ပြန်လည် ဖွင့်လှစ်ပြီ ဖြစ်သည်ဟု
သိရသည်။
.
ယင်းကဲ့သို့
ထောင်ဝင်စာပို့ခွင့် ပြန်လည် ရရှိပြီ ဖြစ်သော်လည်း အကန့်အသတ်များ ရှိနေသည့်အတွက်
အကျဉ်းသား များနှင့် သက်ဆိုင်ရာမိသားစုဝင်များအတွက် အခက်အခဲများ ဖြစ်လာနိုင်သည်ဟု
သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
.
“ဒီနေ့ ထောင်ဝင်စာ
ပြန်ပို့လို့ရပြီ။ ထောင်ကျသူရဲ့အမည်၊ အဖေအမည်။ ပို့တဲ့လူရဲ့ အမည်၊ နေရပ်လိပ်စာ
အပြည့်အစုံ ပေးရပါတယ်။ အိမ်ထောင်စုဇယားလည်း ယူသွားရပါတယ်။ မိသားစုဝင်ထဲကပဲ
ပို့လို့ရတဲ့အတွက် အရင်လို လမ်းကြုံ တွေ ယူသွားပေးလို့ မရပါဘူး။ သွားလာရ
ခက်တဲ့လူတွေအတွက်တော့ တော်တော်ဒုက္ခရောက်ပါမယ်” ဟု သတင်းရင်းမြစ်က ပြောသည်။
.
နိုင်ငံရေးအကျဉ်းသားများ
အပါအဝင် အကျဉ်းကျနေသူ အများစုသည် ထောင်မှကျွေးသည့် အစားအသောက် မကောင်း၍
ထောင်ဝင်စာကိုသာ အားထားနေသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
.
ရန်ကုန်မြို့
အင်းစိန်အကျဉ်းထောင်၌ အောက်တိုဘာ ၁၉ ရက်က ပေါက်ကွဲမှုဖြစ်ပြီး နောက်ပိုင်း
ပိတ်ထားခဲ့သည့် ထောင်တွင်း အထူးတရားရုံးနှင့် ထောင်ဝင်စာပို့ခွင့်ကို စစ်ကောင်စီက
ပြန်ဖွင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။
.