.
မြန်မာနိုင်ငံ ဒေသအသီးသီးမှ တောင်ကြီးမြို့သို့ ပြေးဆွဲပေးနေသည့်
အဝေးပြေးယာဉ်လိုင်းများမှ ယာဉ်များကို တောင်ကြီးမြို့ပေါ်သို့ ပေးမတက်ဘဲ အေးသာယာမြို့ရှိ
ကားလေးကွင်းအသစ်တွင်သာ ရပ်နားခွင့်ပြုသဖြင့် ခရီးသည် များနှင့် ယာဉ်လိုင်းဂိတ်ပိုင်ရှင်များ၊
ယာဉ်မောင်းများ အခက်အခဲဖြစ်ပေါ်နေရကြောင်း သိရသည်။
.
.
“ခရီးသည်တွေအတွက်လည်း အချိန်ကုန်၊ ငွေကုန်၊ ခရီးနှောင့်နှေးရတာပေါ့။
အေးသာယာကနေ တောင်ကြီးကို လိုင်းကားနဲ့ တစ်ခါ ပြန်တက်ရတယ်။ လိုင်းကားမရှိရင် တက္ကစီဒါမှမဟုတ်
ဆိုင်ကယ်ကယ်ရီတွေနဲ့ ပြန်တက်ရတာပေါ့။ တောင်ကြီးကို လာတာ တောင်ကြီးမရောက်ဘဲ အေးသာယာကနေ
တစ်ဆင့်ပြန်စီးနေရတာကတော့ ဘယ်လိုမှ အဆင် မပြေပါဘူး” ဟု ခရီးသည်တစ်ဦးက ပြောသည်။
.
ယင်းကဲ့သို့ အဝေးပြေး ယာဉ်လိုင်းကားများကို တောင်ကြီးမြို့ပေါ်သို့
ပေးမတက်သဖြင့် ခရီးသည်များအပြင် ယာဉ်လိုင်း ဂိတ်များအတွက်လည်း အခက်အခဲများ ဖြစ်ပေါ်နေပြီး
ကုန်ပစ္စည်းများကို အေးသာယာမှ တောင်ကြီးသို့ ခေါက်တိုကား ဖြင့် တစ်ဆင့် ပြန်လည် သယ်ဆောင်ရသည့်အတွက်
အပိုကုန်ကျစရိတ်များ ဖြစ်ပေါ်လာနေကြောင်း သိရသည်။
.
“လူ (ခရီးသည်) လည်း တက်လို့မရဘူး။ ပစ္စည်းလည်း တက်လို့မရဘူး။ ဒါကြောင့်
ပစ္စည်းတွေကို ခေါက်တိုကားတွေနဲ့ ပြန်သယ်ရပါတယ်။ ပြောင်းပြန်တွေ ဖြစ်နေတာပါ။ လူစီးကားအသေးတွေကျတော့
ပေးမတက်ဘူး။ တွဲကားတွေ၊ ကားကြီးတွေကျတော့ ပေးတက်တယ်။ ပစ္စည်းသယ်ခက တစ်ရက်ကို ၆ သောင်း၊
၇ သောင်းလောက် ထပ်ကုန်ပါတယ်” ဟု ယာဉ်လိုင်းဂိတ်ပိုင်ရှင်တစ်ဦးက ပြောသည်။
.
ထို့အပြင် အေးသာယာမြို့တွင် လက်ရှိ အသစ်ဖွင့်လှစ်ထားသည့် ယာဉ်ရပ်နားကွင်း
အသစ်မှာလည်း လုပ်ငန်းများ ပြီးစီးခြင်း မရှိသေးဘဲ ဗွက်အိုင်များကြောင့် ယာဉ်ရပ်နားရန်
အဆင်မပြေသဖြင့် သင့်လျော်သည့် လမ်းဘေးနေရာ များတွင် ကားထိုး၍ ခရီးသည်နှင့် ပစ္စည်းအတင်/အချ
ပြုလုပ်နေရကြောင်း ၎င်းထံက သိရသည်။
.
ကုန်ပစ္စည်းများ သယ်ဆောင်ရာတွင် ယင်းကဲ့သို့ အပိုကုန်ကျစရိတ်များ
ရှိနေသည့်အတွက် ပစ္စည်းတစ်မျိုးချင်း အပေါ်တွင် ကုန်စည်ဈေးနှုန်းများ ထပ်မံမြင့်တက်လာနေကြောင်း
ဒေသခံများက ပြောဆိုကြသည်။
.
တောင်ကြီးမြို့တွင် ရန်ကုန်၊ မန္တလေး အပါအဝင် မြေပြန့်ဒေသများနှင့်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့ပိုင်း ဒေသများသို့ ပြေးဆွဲနေသည့် ယာဉ်လိုင်း အများအပြား
ရှိနေပြီး ယခုကဲ့သို့ မြို့ပေါ်ရှိ ယာဉ်လိုင်းဂိတ်များ ပြောင်းရွှေ့လိုက်ရသည့်အတွက်
ဂိတ်များနှင့် ခရီးသည်များအားလုံး အခက်အခဲ ဖြစ်ပေါ်နေရကြောင်း သိရသည်။
.