.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တင်းထက်ပရဟိတကျောင်းတွင်
အောက်တိုဘာလ ၃ ရက်၊ ညပိုင်းက ကျောင်းသား ၂၀ ဦးမှ ကျောင်းသား တစ်ဦဂကို ဖုန်းခိုးသည်ဟု
စွပ်စွဲကာ ဝိုင်းဝန်းရိုက်နှက် ထိုးကြိတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
ခွန်လှတိုး ဆိုသည့် ကျောင်းသားသည် ဖုန်းခိုးယူသွားကြောင်း ဗေဒင်ဆရာက
ဟောသည်ဟုဆိုကာ အောက်တိုဘာလ ၃ ရက်၊ ည ၈ နာရီတွင် ကျောင်းသား ၄ ဦးက ခွန်လှတိုးကို ဘုရားတောင်နားသို့
လိမ်လည်ခေါ်ဆောင်သွားပြီး အသင့် စောင့်နေသည့် ကျောင်းသား ၂၀ ခန့်က ဝိုင်းဝန်းရိုက်နှက်
ထိုးကြိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ခွန်လှတိုးသည် အတန်းခေါင်းဆောင်ဖြစ်ပြီး ဖုန်းပျောက်သည်ဟုဆိုကာ
၎င်းကို စွပ်စွဲ၍ ဘုရားတောင်နား ခေါ်ဆောင်သွားပြီး ဝိုင်းရိုက်၊ ဝိုင်းကန်ကြခြင်းဖြစ်ကြောင်း
တင်းထက်ရွာနေ ကျောင်းသားတစ်ဦးက The People’s Voice သတင်းဌာနသို့ ပြောဆိုထားသည်။
.
ယင်းကဲ့သို့ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် ခွန်လှတိုးတွင် ခေါင်းနှင့်
မျက်နှာ၌ အများဆုံး ထိခိုက်ဒဏ်ရာ ရရှိထားပြီး လက်ရှိတွင် ၎င်းသည် ကျောင်း၌ မရှိတော့ကြောင်း
သိရသည်။
.
ခွန်လှတိုးသည် နဝမတန်းတက်ရောက်နေသူဖြစ်ပြီး ပင်လောင်းမြို့နယ်
လုံးပျဉ်ကျေးရွာတွင်နေထိုင်သူဖြစ်ကာ ယင်းကိစ္စနှင့် ပတ်သက်၍
ကျောင်းထိုင်ဆရာတော်က ကျောင်းတွင်း ဖြစ်သည့်ကိစ္စကို ကျောင်းတွင်းဖြေရှင်းသွားမည် ဟု
ဆိုသောကြောင့် ရဲစခန်းသို့အမှုတိုင်ကြားခြင်းများ မပြုလုပ်ခဲ့ကြောင်း သိရသည်။
.
[ Source – The People’s Voice ]
.