မြန်မာပြည်သူများ၏ အသက်အိုးအိမ်ကို အကာအကွယ်ပေးနိုင်ရေးအတွက် ချက်ချင်းအရေးယူ ဆောင်ရွက်ပေးရန် ကုလနှင့် နိုင်ငံတကာကို မြန်မာသံအမတ်ကြီး တောင်းဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြန်မာပြည်သူများ၏ အသက်အိုးအိမ်ကို အကာအကွယ်ပေးနိုင်ရေးအတွက် ချက်ချင်းအရေးယူ ဆောင်ရွက်ပေးရန် ကုလနှင့် နိုင်ငံတကာကို မြန်မာသံအမတ်ကြီး တောင်းဆို

.

မြန်မာပြည်သူများ၏ အသက်အိုးအိမ်ကို အကာအကွယ်ပေးနိုင်ရေးအတွက် ချက်ချင်း အရေးယူဆောင်ရွက်ပေးရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အပါအအဝင် နိုင်ငံတကာ အသိုင်းအဝန်းကို တိုက်တွန်းတောင်းဆိုခဲ့ သည်ဟု သိရသည်။

.

.

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် စက်တင်ဘာလ ၃၀ ရက်က ပြုလုပ်သည့် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီအစည်းအဝေးတွင် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားရာ၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ယင်းကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

.

မြန်မာစစ်တပ်၏ အဆိုးရွားဆုံးသော ရက်စက်ကြမ်းကြုတ်မှုများနှင့် လူသား မဆန်ခြင်းများကို ကမ္ဘာကြီးအနေဖြင့် ကြိမ်ဖန်များစွာ တွေ့မြင်ခဲ့ရပြီးဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းတွင် စစ်တပ်၏ တိုက်ခိုက်မှုများ၊ လက်နက်ကြီးများနှင့် လေကြောင်းတိုက်ခိုက်မှုများမှာ ပိုမိုဆိုးရွားလျက်ရှိသောကြောင့် ပြည်သူများ ရင်ဆိုင်နေရသည့်အခြေအနေများမှာ နေ့စဉ်နှင့်အမျှ ပိုမိုဆိုးရွားနေကြောင်း သံအမတ်ကြီးက ညီလာခံတွင် ပြောဆိုခဲ့သည်။

.

ထို့အပြင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းတစ်ခုကို စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ရာ ကလေးငယ် ၇ ဦး အပါအဝင် ပြည်သူ ၁၃ ဦး သေဆုံးခဲ့မှုနှင့် ပတ်သက်၍ လည်း ဦးကျော်မိုးထွန်းက ညီလာခံသို့ အစီရင်ခံခဲ့သည်။

.

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကူအညီမဲ့နေသည့် မြန်မာပြည်သူများ၏ အကူအညီ တောင်းခံမှုကို ဥပေက္ခာ မပြုသင့်တော့ကြောင်း၊ အကူအညီတောင်းနေသည့် အကူအညီမဲ့နေသော မြန်မာ ပြည်သူများ၏ အသံသည် ကျယ်လောင်၍ ရှင်းလင်းပြတ်သားကြောင်း၊ ထို့ကြောင့် မြန်မာပြည်သူများ၏ အသက်အိုးအိမ်ကို အကာအကွယ် ပေးနိုင်မည့် လုပ်ဆောင်ချက်များကို တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်း အရေးယူဆောင်ရွက်ပေးရန် ထပ်မံတောင်းဆို လိုကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောဆိုခဲ့သည်။

.

Journal Download

Photo of three cats