.
သီတင်းကျွတ် အခါသမယသို့ ရောက်ရှိလာသော်လည်း မြို့တော် တောင်ကြီးတွင်
သီတင်းကျွတ်ကာလ ဘုရားမီး ပူဇော်သည့် ရောင်စုံ လျှပ်စစ် မီးကြိုး၊ မီးဆိုင်းများ အရောင်းအဝယ်
ပါးနေကြောင်း လျှပ်စစ်ပစ္စည်း အရောင်းဆိုင်များ ထံက သိရသည်။
.
.
တရုတ်နိုင်ငံ၏ မြန်မာ့အရေး မူဝါဒများကြောင့် တရုတ်နိုင်ငံထုတ် ရောင်စုံ
လျှပ်စစ်မီးဆိုင်းများမှာ မရောင်းရလောက် ဖြစ်နေကြောင်း လျှပ်စစ်ပစ္စည်း အရောင်းဆိုင်
များက ဆိုသည်။
.
“အရင်နှစ်က ရောင်းအားနဲ့ယှဉ်ရင် တော်တော်လေးကို ကျသွားပါတယ်။ အများစုက
တရုတ်ထုတ် ရောင်စုံမီးကြိုး တွေကို မသုံးကြတော့ဘူး။ ကျွန်တော်တို့ အရင်နှစ် လက်ကျန်တွေတောင်
ရောင်းမကုန်ပါဘူး။ အသစ်တော့ လုံးဝ မယူတော့ဘူး” ဟု တောင်ကြီးမြို့ပေါ်ရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တစ်ခုမှ
ဆိုင်ရှင်က ပြောသည်။
.
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်နှင့် ရှေ့ပိုင်း ကာလများတွင် သီတင်းကျွတ်ကာလများ၌
ရောင်စုံ လျှပ်စစ်မီးကြိုး၊ မီးဆိုင်းများ ရောင်းအားကောင်းခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း
၂၀၂၁ ခုနှစ်မှ စတင်၍ အရောင်းအဝယ် ပါးနေခြင်း ဖြစ်ကာ ယခု ၂၀၂၂ ခုနှစ်တွင် လုံးဝ မရောင်းရသလောက်
ဖြစ်နေကြောင်း ၎င်းက ပြောသည်။
.
တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည်သူများ၏ အခက်အခဲ၊ အကြပ်အတည်းများနှင့်
ပတ်သက်၍ တစ်စုံတစ်ရာ ကူညီ ဆောင်ရွက်ပေးခြင်း မရှိသည့်အပြင် စစ်ကောင်စီနှင့် ဆက်စပ်၍
စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသည့်အတွက် ပြည်သူများက တရုတ် စီးပွားရေးလုပ်ငန်းများကို
သပိတ်မှောက် ဆန္ဒပြနေကြခြင်းဖြစ်ကြောင်း သိရသည်။
.\