မန္တလေး-ကျောက်ဆည်လမ်း၊ စဥ့်ကိုင်မြို့နယ်ရှိ ပေါ်တော်မူဘုရားအနီး၌ ယမန်နေ့ အောက်တိုဘာလ ၃ ရက် ညနေပိုင်းတွင် မီတာခ သွင်းရန် သွားသည့် စစ်ကောင်စီ ရဲစခန်းမှူး လိုက်ပါလာသော မော်တော်ယာဉ် အပစ်ခံရ၍ စစ်ကောင်စီ ဗိုလ်မှူးနှင့် ရဲစခန်းမှူးတို့ သေဆုံးခဲ့ကြောင်း သိရသည်။
.
အဆိုပါ ပစ်ခတ်မှုကို Myitnge PDF ၊ Truth Keeping Force (Amarapura)နှင့် ဇာမဏီပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူများအား မီတာ မဆောင်ပါက မီတာဘောက်များ ဖြုတ်မည်ဟု ခြိမ်းခြောက်ပြီး အတင်းအကျပ် ကောက်ခံထားသော ပြည်သူ့ချွေးနည်းစာ ဖြစ်၍ စစ်ကောင်စီ အသုံးစရိတ် မဖြစ်စေရန် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု Myitnge PDF က ထုတ်ပြန်ထားသည်။
.
မိနစ်အနည်းငယ်ကြာ အပြန်အလှန် ပစ်ခတ်မှုအတွင ပလိပ်မြို့ရဲစခန်းမှူး ရဲအုပ် ဇော်ဝင်းနှင့် လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဗိုလ်မှူး ဇော်ဇော်နိုင်တို့ သေဆုံးခဲ့ပြီး လျှပ်စစ်မန်နေဂျာ ဇွဲညီညီဝင်းနှင့် အမည်မသိ စစ်ကောင်စီ တပ်သားတို့ ဒဏ်ရာ ရရှိခဲ့ကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
အခြေအနေအရ အမြန် ပြန်လည်ဆုတ်ခွာခဲ့ရ၍ လက်နက်နှင့် မီတာခငွေများကို သိမ်းဆည်းနိုင်ခြင်း မရှိကြောင်းနှင့် ၎င်းတို့အနေဖြင့် ဘေးကင်းရာသို့ ရောက်ရှိပြီ ဖြစ်ကြောင်းကိုလည်း Myitnge PDF က အသိပေးထားသည်။