.
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်း၍ ဒီမိုကရေစီ ပြန်လည်ထူထောင်နိုင်မှသာ
မြန်မာပြည်သူလူထုကို ဆင်းရဲတွင်းမှ လွတ်မြောက်ရေး ပံ့ပိုးကူညီနိုင်မည်ဖြစ်ကြောင်း သံအမတ်ကြီး
ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအထွေထွေ ညီလာခံ၌ ပြောဆိုခဲ့သည်ဟု သိရသည်။
.
.
၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဒုတိယကော်မတီအစည်းအဝေးကို
ယမန်နေ့ အောက်တိုဘာလ ၄ ရက်က ကျင်းပရာ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုအစီအစဉ်တွင်
သံအမတ်ကြီး ဦးကျော်မိုးထွန်းက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
.
သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံ စစ်အာဏာရှင်လက်အောက်
ရှိနေသရွေ့ ငြိမ်းချမ်းရေးကို ရရှိနိုင်မည် မဟုတ်သည့်အတွက် ကုလသမဂ္ဂ၏ ၂၀၃၀ အာဂျင်ဒါကို
အောင်မြင်စွာ အကောင်အထည်ဖော်ရန် မဖြစ်နိုင် ကြောင်း၊ မြန်မာနိုင်ငံသား အားလုံးသည် စစ်အာဏာရှင်စနစ်
ထာဝရချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးတို့ အတွက် စည်းလုံးညီညွတ်စွာ
တိုက်ပွဲဝင်ရန် သန္နိဋ္ဌာန် ချပြီးဖြစ်ကြောင်း၊ မြန်မာပြည်သူများ၏ ကြိုးပမ်းအားထုတ်မှု
များကို လုပ်ဆောင်နိုင်ရန် နိုင်ငံတကာအသိုင်းအဝန်းထံမှ ခိုင်မာပြီး ထိရောက်သော ပံ့ပိုးကူညီမှု
မရှိမဖြစ် လိုအပ် ပါကြောင်းနှင့် မြန်မာပြည် ငြိမ်းချမ်းရေးနှင့် မြန်မာပြည်သူများ၏
ကောင်းကျိုးချမ်းသာအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များကို အောင်မြင်စွာ
အကောင်အထည်ဖော်ဆောင်နိုင်ရေး ထိရောက်သော ပံ့ပိုးကူညီ မှုများ တိုးမြှင့်ဆောင်ရွက်ပေးရန်
မေတ္တာရပ်ခံကြောင်း ပြောဆိုခဲ့သည်။
.
ကုလသမဂ္ဂစီးပွားရေးနှင့် လူမှုရေးကောင်စီ၊
ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကော်မတီ၏ ၂၀၁၈
မတ်လအစီရင်ခံစာအရ ၁၉၈၇ ခုနှစ်မှစ၍ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းတွင်
ပါဝင်ခဲ့သော မြန်မာနိုင်ငံသည် ယင်းအဆင့်မှ လွတ်မြောက်ရန် စံသတ်မှတ်ချက် ၃ ခုလုံးနှင့် ပထမဆုံးအကြိမ် ပြည့်မီခဲ့သော်လည်း ထိုသို့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းမှ
လွတ်မြောက် နိုင်မည့် အလားအလာ အပါအဝင် အရပ်သားအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်၏ တရားမဝင်စစ်အာဏာသိမ်းမှုက
အလုံးစုံတားဆီးပိတ်ပင်ခဲ့သည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂတွင်
အစီရင်ခံတင်ပြခဲ့သည်။
.
စစ်တပ်က တရားမဝင်အာဏာသိမ်းပြီး လပေါင်း ၂၀
ကျော်ကာလအတွင်း လူမဆန်စွာ ရက်စက် ကြမ်းကြုတ်မှုများ၊ အစုလိုက်အပြုံလိုက်
သတ်ဖြတ်မှုများ၊ ရွာများကို မီးရှို့ကာ နေအိမ်များကို ဖျက်ဆီးခြင်း၊
အမျိုးသမီးများ၊ ကလေးသူငယ်များ အပါအဝင် အပြစ်မဲ့ပြည်သူများအပေါ် လွန်စွာ
ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို သံအမတ်ကြီးက ကုလသမဂ္ဂတွင် တင်ပြခဲ့သည်။
.