.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်းသို့ ရောက်ရှိနေသည့် ကရင်နီ (ကယား)
ပြည်နယ်တွင်းမှ စစ်ရှောင်များကို အောက်တိုဘာလကုန်အပြီး နေရပ်ပြန်ရန် စစ်ကောင်စီက ဖိအားပေး
ညွှန်ကြားထားသော်လည်း စစ်ရှောင်များ အနေဖြင့် နေရပ်ပြန်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း သိရသည်။
.
.
ကရင်နီဒေသတွင် ပြည်သူများနေထိုင်သည့် ကျေးရွာများအနီး မြေမြှုပ်မိုင်းနှင့်
လက်နက်ခဲယမ်းအန္တရာယ် အကာအကွယ် ပြုလုပ်ပေးပြီးမှသာ နေရပ်ပြန်ရေးကို ဆောင်ရွက်သင့်ကြောင်း
စစ်ရှောင်တစ်ဦးက ပြောသည်။
.
ရွာမှာ မီးရှို့ခံထားရပြီး တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေသည့်အပြင်
ရွာသားများနေထိုင်သည့် နေအိမ်များတွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့်အတွက် အိမ်ပြန်ရန်
မဖြစ်နိုင်သေးကြောင်း၊ ရွာပြန်ပြီးနောက် တိုက်ပွဲထပ်မံ ဖြစ်ပွား၍ ပြေးလွှားရပါက သက်ကြီးရွယ်အိုများနှင့်
ကလေးသူငယ်များအတွက် အဆင်မပြေနိုင်ကြောင်း မိုးဗြဲစစ်ရှောင် တစ်ဦးက The People’s
Vocie သတင်းဌာနသို့ ပြောဆိုထားသည်။
.
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ကရင်နီ (ကယား) ပြည်နယ်နှင့် ရှမ်းတောင်
ဖယ်ခုံ၊ မိုးဗြဲဒေသများတွင် တိုက်ပွဲ များ မကြာခဏဖြစ်ပွားသည့်အတွက် စစ်ဘေးရှောင်သူအများအပြား
ဆီဆိုင်မြို့နယ်နှင့် နီးစပ်ရာ ဒေသများသို့ ရောက်ရှိလာပြီး လက်ရှိ ဆီဆိုင်မြို့နယ်
တစ်ခုတည်းတွင်ပင် စစ်ဘေးရှောင်ဦးရေ ၆၀၀၀ ကျော် ကျန်ရှိနေသေးကြောင်း သိရသည်။
.
ကယား(ကရင်နီ)ပြည်နယ်တွင် စစ်ကောင်စီ အာဏာသိမ်းပြီး
နောက်ပိုင်းမှစ၍ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပြည်နယ်လူဦးရေ၏ ၃ ပုံ ၂ ပုံမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်၊
မောက်မယ်၊ ပင်လောင်း၊ တောင်ကြီးနှင့် ညောင်ရွှေမြို့နယ်များတွင်
အများအပြား စစ်ဘေးရှောင် ရောက်ရှိနေကြကြောင်း သိရသည်။
.
[ Source – The People’s Voice ]
.