.
ကရင်အမျိုးသားအစည်းအရုံး၊
ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် စက်တင်ဘာလ ၂၉ ရက်၊ ညနေပိုင်းက စစ်ကောင်စီတပ်မှ
လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း
သိရသည်။
.
.ကျောက်ကြီးမြို့နယ်၊
ဘောကထာစစခန်းရှိ စစ်ကောင်စီတပ်သည် စက်တင်ဘာလ ၂၉ ရက်၊ ညနေ ၆ နာရီအချိန်ခန့်က ဘောကထာကျေးရွာ
အတွင်းသို့ RPG ၇ လုံး ပစ်ခတ်ခဲ့ရာ
ကျေးရွာအတွင်းရှိ အသက် ၆၀ ကျော် အမျိုးသားတစ်ဦးနှင့် အသက် ၅၆ နှစ် အရွယ် အမျိုးသမီးတစ်ဦးတို့
သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ယနေ့
အောက်တိုဘာလ ၂ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
.
အဆိုပါ ပစ်ခတ်မှုကြောင့်
ကျောက်ကြီးမြို့နယ်အတွင်းရှိ ဘောကထာကျေးရွာ၊ ပဒဲကောကျေးရွာနှင့် မဘီကျေးရွာ များမှ
အိမ်ခြေ ၈၃၇ အိမ်ရှိ လူဦးရေ စုစုပေါင်း ၄၀၇၇ ဦးမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း
သိရသည်။
.
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်
စက်တင်ဘာလ ၇ ရက်မှ စတင်၍ KNU-ကျောက်ကြီးမြို့နယ်တွင် ထိုးစစ်ဆင်လျက် ရှိရာ စက်တင်ဘာလ ၂၉ ရက်အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊
ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့တို့နှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး
တိုက်ပွဲများအတွင်း နှစ်ဘက် ထိခိုက်ကျဆုံးမှုကို အတည်မပြုနိုင် သေးကြောင်း KNU
၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထိုသို့ ထိုးစစ်ဆင်
လှုပ်ရှားနေချိန်တွင် စစ်ကောင်စီတပ်သည် ကျောက်ကြီးမြို့နယ်၊ ကဝေါ်မူဒဲကျေးရွာရှိ
တောင်ပေါ်နေ ကရင်တိုင်းရင်းသားလူမျိုးများ၏ နေအိမ်များနှင့် စားနပ်ရိက္ခာများကို
မွှေနှောက်ဖျက်စီးခြင်း၊ အိမ်မွေးတိရိစ္ဆာန်များကို ဖမ်းယူစားသောက်ခြင်းအပြင်
ကျေးရွာတွင်း တိရိစ္ဆာန်ထောင်ချောက် ထောင်ခြင်းများကိုလည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။
.