ပဲခူးတိုင်းအတွင်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး ထက်မနည်း သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပဲခူးတိုင်းအတွင်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး ထက်မနည်း သေဆုံး

.

ပဲခူးတိုင်းအတွင်း ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များ အကြား တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိ ခဲ့ကြောင်း ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

.

.

နတ်တလင်းမြို့နယ်၊ ညောင်လေးပင်ကျေးရွာနှင့် ကြက်မနက်ကျေးရွာအကြားတွင် ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်က တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ညနေပိုင်းတွင် တောင်ငူမြို့နယ်၊ မြပင်ကူးကျေးရွာအနီးရှိ စစ်ကောင်စီစခန်းကို PDF ရဲဘော်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

နတ်တလင်းနယ်၊ ညောင်လေးပင်နဲ့ ကြက်မနက်ကျေးရွာကြားတွင် အောက်တိုဘာလ ၁၃ ရက်၊ နံနက်ပိုင်းက အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီ စစ်ကြောင်းကို သာယာ၀တီခရိုင် PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ -၁ နှင့် တပ်ခွဲ -၂ တို့က ကြိုတင်စောင့်ဆိုင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၄ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

ထို့အပြင် ယင်းစစ်ကြောင်းသည် ဆက်လက်ချီတက်လာသည့်အတွက် ယင်းနေ့ နေ့လယ်ပိုင်းတွင် အဆိုပါ နေရာအနီးတွင်ပင် ထပ်မံ စောင့်ကြို၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး ထက်မနည်း သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

.

အဆိုပါ တိုက်ခိုက်မှုအတွင်း PDF တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ဘဲ ရှေ့ဆက်မတိုးရဲသည့် စစ်ကောင်စီတပ်သည် နောက်ကြောင်းပြန်ဆုတ်သွားခဲ့ကြောင်း သိရသည်။

.

အလားတူ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကညင်မြောင်အုပ်စု၊ မြပင်ကူးကျေးရွာတွင် တပ်စွဲထားတဲ့ အင်အား ၂၀ ခန့်ရှိ စစ်ကောင်စီတပ် ကင်းစခန်းကိုလည်း အောက်တိုဘာလ ၁၃ ရက်၊ ညနေပိုင်းတွင် တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ ခွဲ (၁)တပ်ဖွဲ့များမှ  အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

.

ပဲခူးတိုင်း PDF တပ်ဖွဲ့ဝင်များနှင့် မြို့ပြပြောက် ကျားအဖွဲ့များအနေဖြင့်  စစ်ကောင်စီတပ်များကို တိုက်ခိုက်လျက်ရှိပြီး စိုးမိုးနယ်မြေများအတွင်း ကျူးကျော်လာသည့် စစ်ကောင်စီတပ်များကို ဆက်လက် ချေမှုန်းတိုက်ခိုက်သွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

.

Journal Download

Photo of three cats