မိုင်းပန်မြို့နယ် တာဆန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အောက်တိုဘာလ ၂၀ ရက် ညနေပိုင်းက ဘိန်းဖြူဘလောက်တုံးများ ဖမ်းမိခဲ့ကြောင်း သိရသည်။
.
စစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များကို စစ်ဆေး ရှာဖွေစဉ် မိုင်းပန်မြို့ဘက်မှ မိုင်းတုံမြို့ ဘက်သို့ မနန်းခမ်းယုံ မောင်းနှင်လာသည့် ALPHARD အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ငွေကျပ် ၇၅၆ သိန်း တန်ဖိုးရှိ ဘိန်းဖြူအလေးချိန် ၆ ဒသမ ၃ ကီလိုကို တွေ့ရှိကာ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း မူးယစ်တပ်ဖွဲ့၏ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ ဘိန်းဖြူများနှင့်အတူ ဖမ်းဆီးမိသည့် မနန်းခမ်းယုံ ကို မိုင်းပန်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
.
ထို့အတူ အောက်တိုဘာလ ၂၁ ရက်၊ ညနေပိုင်းတွင် လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီး၊ လွိုင်လင်-တောင်ကြီးသွားကားလမ်း၌ Mark II အမျိုးအစား မော်တော်ယာဉ်ပေါ်မှ ငွေကျပ်သိန်း ၂၈၀ တန်ဖိုးရှိ အိုက်စ် အလေးချိန် ၂ ကီလို ၊ ငွေကျပ်သိန်း ၂၇၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၀၀၀၀ ပြားနှင့် ပင်လုံမြို့၊ ရပ်ကွက်(၁)၊ ချယ်ရီလမ်းရှိ နေအိမ်အတွင်းမှ ငွေကျပ် ၄၂ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀၀ ပြားတို့ကို တရားခံများနှင့်အတူ ဖမ်းမိခဲ့ကြောင်း သိရသည်။