.
ရှမ်း-ကယားနယ်စပ်၊
မိုးဗြဲမြို့တွင် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ
၈၀ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်
(MBPDF) ဗဟိုသတင်း နှင့် ပြန်ကြားရေးဌာန
က ယနေ့ အောက်တိုဘာလ ၂ ရက်၊ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
.
.ထို့အပြင် တိုက်ပွဲများအတွင်း
စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ပြီး မဟာမိတ်တပ်ပေါင်းစု မှ ရဲဘော်
၉ ဦးမှာ နွေဦးတော်လှန်ရေးအတွက် အသက် စတေးခဲ့ရကာ စိုးရိမ်ရဒဏ်ရာရသူ ၁၀ ဦးနှင့် သာမန်ရှထိ
ဒဏ်ရာ ရရှိသူ ၅၄ ဦး ရှိခဲ့ကြောင်း သိရသည်။
.
ကျဆုံးသွားသော
အာဇာနည်ရဲဘော် ၉ ဦးမှာ မိုးဗြဲ PDF B-01 မှ ၅ ဦး၊ မိုးဗြဲ PDF B-02 မှ ၁ ဦး၊ ဖယ်ခုံ PDF B-02 မှ ၁ ဦး၊ URF မှ ၂ ဦးဖြစ်ကာ ကြွေလွင့်သွားသော သူရဲကောင်းများကို အလေးနီပြုပါကြောင်း
မိုးဗြဲ PDF က ထုတ်ပြန် ထားသည်။
KNDF B-03 မှ ရဲဘော်တစ်ဦးမှာလည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
.
မိုးဗြဲမြို့တွင် စက်တင်ဘာလ
၈ ရက်မှ စတင်၍ စစ်ကောင်စီတပ်များနှင့် မဟာမိတ်တပ်ပေါင်းစုများဖြစ်သော မိုးဗြဲ PDF
B-01၊ မိုးဗြဲ PDF B-02၊ ဖယ်ခုံ PDF B-01၊ ဖယ်ခုံ PDF B-02၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး တပ်ဖွဲ့၊ DMO
1102 တပ်ရင်း၊ DMO 1107 တပ်ရင်း၊ နေပြည်တော် PDF၊ KNDF၊ KA၊ KGZ၊ URF တပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း
သိရသည်။
.
တိုက်ပွဲများအတွင်း
စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁၃ ဦး ထိခိုက်
ဒဏ်ရာရရှိခဲ့ပြီး အသက် ၁၀ နှစ်အောက် ကလေးငယ် ၃ ဦး အပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ရကြောင်း
သိရသည်။
.
မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့်
မဟာမိတ်တပ်ဖွဲ့ဝင်များအကြား စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ရာ မိဘပြည်သူများအနေဖြင့်
တိုက်ပွဲဖြစ်ပွားရာ နေရာများနှင့် အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်မှ ထောင်ထားသော မိုင်းများ
ရှိနေသေးသဖြင့် အသွားအလာပြုလုပ်ခြင်း၊ နေရပ်ပြန်ခြင်း မပြုလုပ်သေးရန် မိုးဗြဲ PDF က သတိပေးထားသည်။
.