.
ကရင်နီ (ကယား) ပြည်နယ်တွင်
ပြီးခဲ့သည့် စက်တင်ဘာ တစ်လတာအတွင်း တိုက်ပွဲပေါင်း ၅၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး
စစ်ကောင်စီတပ်သား ၁၀၀ ကျော် သေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ယမန်နေ့ အောက်တိုဘာလ ၂ ရက်၊ ညပိုင်းတွင်
သတင်းထုတ်ပြန်ထားသည်။
.
.
ပြီးခဲ့သည့်
စက်တင်ဘာလအတွင်း ကရင်နီပြည်နယ်၌ ဒီးမော့ဆိုမြို့နယ်တွင်တိုက်ပွဲ ၁၈ ကြိမ်၊
ဖရူဆိုမြို့နယ်တွင် ၁၄ ကြိမ်၊ လွိုင်ကော်မြို့နယ်တွင် ၁၁ ကြိမ်၊
ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့တို့တွင် ၉ ကြိမ်၊ ရှားတောမြို့နယ်တွင် ၃ ကြိမ်၊
ဘောလခဲမြို့နယ်တွင် ၂ ကြိမ်ထက်မနည်း
တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
အဆိုပါ တိုက်ပွဲများအတွင်း
စစ်ကောင်စီတပ်မှ ၁၀၄ ဦးထက်မနည်း သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ MA-1
၃ လက်၊ MA-2 ၃ လက်၊ MA-3 ၈ လက်၊ MG စက်သေနတ် ၁ လက်၊
(၆၀) မမ အသီး၊ RPG အသီး၊
စွပ်ဗုံးနှင့် ခဲယမ်းများ၊ အသုံးအဆောင်များကိုပါ သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကား ၁ စီး
ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
.
တိုက်ပွဲများအတွင်း
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ဘက်မှ ရဲဘော် ၅ ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။
.
တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ
လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံများ၏ နေအိမ် ၁၀၀ ကျော်နှင့်
ဘုရားကျောင်း ၂ ကျောင်း ပျက်စီးခဲ့ရကာ လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်
ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
စစ်ကောင်စီ၏
လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁၀ ဦး သေဆုံးခဲ့ပြီး ၁၉ ဦးဒဏ်ရာရခဲ့ကာ
စစ်ကောင်စီတပ် ထောင်ထားသော မိုင်းနင်းမိ၍ ပြည်သူ ၁ ဦးသေဆုံးခဲ့ရပြီး ၄ ဦးဒဏ်ရာရရှိခဲ့သည့်အပြင်
ဖမ်းဆီးသတ်ဖြတ်ခံရသည့် ပြည်သူ ၂ ဦး ရှိခဲ့ကြောင်း သိရသည်။
.
စစ်ကောင်စီတပ်သည် စက်တင်ဘာလဆန်းပိုင်းမှ
စတင်၍ လွိုင်ကော်၊ ဒီးမော့ဆို၊
ဖရူဆိုလမ်းမကြီးတစ်ကြောအား စစ်ကြောင်းထိုး တပ်ဖြန့်ခဲ့ကာ ဒီးမော့ဆို၊ နန်းမယ်ခုံ၊
မိုးဗြဲလမ်းမကြီးကိုလည်း စစ်ရေးအရ ထိမ်းချုပ်နိုင်ရန် စစ်ကြောင်း ထိုးခြင်း၊
တပ်ဖြန့်ခြင်းများရှိနေကြောင်း သိရသည်။
.
ထို့အပြင် စစ်ကောင်စီသည်
ကရင်နီပြည်နယ်အတွင်း စစ်အင်အားများတိုးချဲ့၍ စစ်ကြောင်းထိုးခြင်း၊ တပ်ဖြန့်ခြင်း
များအား နေ့စဉ်လုပ်ဆောင်နေပြီး ၎င်းတို့ စစ်ကြောင်းထိုး တပ်စွဲခဲ့သော နေရာများတွင်
မိုင်းထောင်ခဲ့ခြင်းများ ပြုလုပ် ထားသောကြောင့် တိုက်ပွဲဖြစ်ပွားရာနေရာနှင့်
ဖြစ်ပွားပြီးသောနေရာများအနီးရှိ ကျေးရွာများသို့ ဒေသခံ များအနေဖြင့်
နေရပ်ပြန်ခြင်းများကို အလျှင်စလို မပြုလုပ်ကြရန် KNDF က တိုက်တွန်းထားသည်။
.